ဒီမိုကရေစီ တောင်းဆိုမှု ခရီးပေါက်ခဲ့လား

  • 7 ဩဂုတ် 2014
88
Image caption ဒီမိုကရေစီ စံနစ် ပြောင်းလဲဖို့ တောင်းဆိုခဲ့

ဒီကနေ့ဟာ မြန်မာနိုင်ငံ တဝှမ်းက လမ်းတွေ ပေါ်မှာ ဒီမိုကရေစီ တောင်းဆိုရေး ဂီတသံ တွေနဲ့ ကြွေးကြော်သံတွေ ဖုံးလွှမ်းခဲ့တဲ့ နေ့တနေ့ရဲ့ ၂၆ နှစ်မြောက် နေ့ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ သောင်းနဲ့ချီတဲ့ လူထုကြီး ရန်ကုန်မြို့ အနှံ့ ချီတက် ဆန္ဒပြပြီး လက်ရှိအစိုးရကို နှုတ်ထွက် ပေးဖို့နဲ့ ဒီမိုကရေစီ စံနစ်ကို ပြောင်းလဲဖို့ တောင်းဆို ခဲ့တဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အဲဒိအချိန်က အာဏာရ အစိုးရ ဖြစ်တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ရဲ့ တပါတီ စံနစ်နဲ့ ခေါင်းဆောင်မှုကို ဖယ်ရှားပြီး ပါတီစုံ ဒီမိုကရေစီ စံနစ် ကို တောင်းဆိုခဲ့တဲ့ ပြည်သူ လူထုကို အာဏာပိုင် တွေက စစ်တပ်ကို သုံးပြီး ကြမ်းကြမ်း တမ်းတမ်း နှိမ်နင်းခဲ့ပါတယ်။

သွေးမြေကျမှုတွေ ဖြစ်ပွားပြီး စစ်တပ်က အာဏာ သိမ်းခဲ့လို့ မြန်မာ နိုင်ငံဟာ စစ်အုပ်ချုပ်ရေး အောက်မှာ နောက်ထပ် နှစ် ၂ဝ ကျော် ထပ်နေခဲ့ရပါတယ်။

အဲဒိ အထိမ်းအမှတ် အဖြစ် ဒီကနေ့ မြန်မာနိုင်ငံက မြို့တော်တော် များများနဲ့ ပြည်ပနိုင်ငံ တချို့မှာ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ တွေက ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေ အမှတ်တရ ကျင်းပဖို့ ရှိပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင် တွေထဲက ကိုပြုံးချို ကတော့ ပြည်သူ လူထုရဲ့ ၂၆ နှစ်တာ ဒီမိုကရေစီရေး ကြိုးပမ်းမှုက အချည်းနှီး မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

ဒီနှစ်ပိုင်း တွေမှာ အစိုးရ ဘက်က ပြုပြင် ပြောင်းလဲရေး တချို့ လုပ်ဆောင်လာရတဲ့ အချက်ကို သူက ပြောတာ ဖြစ်ပါတယ်။

ဒီကနေ့ မြင်တွေ့နေရတဲ့ အပြောင်းအလဲ တွေဟာ ရှစ်လေးလုံး အရေးတော်ပုံ ကြီးရဲ့ အသီးအပွင့် တွေပါ လို့ ၁၉၉၀ ရွေးကောက်ပွဲ က ပန်းဘဲတန်း မြို့နယ် တသီးပုဂ္ဂလ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမောင်မောင်အောင်က ပြောပြပါတယ်။

ဒါပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံ အတွင်းက ပြည်သူလူထု တောင်းဆို မျှော်လင့် ခဲ့တဲ့ နိုင်ငံမျိုး အခုချိန်ထိ မရောက်နိုင် သေးဘူးလို့ သူက ဖြေပါတယ်။

ကိုပြုံးချို ကတော့ မြန်မာ့ ဒီမိုကရေစီ ခရီး ဖြည်းဖြည်းချင်း ရှေ့ကို သွားနေပြီး ပန်းတိုင် ရောက်တဲ့ထိ ဆက်သွားရမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ