ကယ်ရီ့ကို ရှမ်းအဖွဲ့တွေ အိတ်ဖွင့်စာ ပို့

  • 7 ဩဂုတ် 2014
_kerry_hardtalk
Image caption မြန်မာနိုင်ငံကို ရောက်လာတော့မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

နေပြည်တော်ကို ရောက်လာတော့မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကို၊ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံတဲ့ အခါ၊ ရှမ်းပြည်နယ် အတွင်း အစိုးရ စစ်တပ်တွေ တိုးချဲ့ ချထားပြီး၊ တိုင်းရင်းသား ဒေသတွေ မှာ ထိုးစစ် ဆင်နေတာတွေ ကို၊ အမြန် ရပ်တန့် ဆုတ်ခွာပေး ဖို့ အတွက် ပြောပေးပါ ဆိုပြီး ရေးသားထား တဲ့ အိတ်ဖွင့် ပေးစာ တစ်စောင် ကို၊ ရှမ်း လူမှု အခြေပြု အဖွဲ့ ၁၄ ခု ပေါင်းပြီး၊ ထုတ်ပြန် လိုက်ပါတယ်။

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလ လို့ ယူဆ သတ်မှတ်ထားတဲ့ အခု အချိန်မှာ၊ ရှမ်း ရွာတွေမှာ တွေ့ကြုံ ခံစားနေရတဲ့ အခြေအနေ အမှန်တွေ ကို၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သတိထား သိမြင်ကြဖို့၊ အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဆီကို အိတ်ဖွင့် ပေးစာ ပို့ရတာ ဖြစ်တယ် ဆိုပြီး၊ ရှမ်းလူငယ်ကွန်ရက် က ပြောရေးဆိုခွင့် ရှိသူ စိုင်းဆိုင်မိန်း က ပြောပါတယ်။

ပြည်တွင်းစစ် ကာလ တလျှောက်လုံးမှာ ရှမ်းကျေးလက်နေ ပြည်သူတွေ အနေနဲ့ ကျီးလန့်စာစား နေနေ ကြရ ပြီး၊ အခု အချိန်ထိ၊ အစိုးရ စစ်ကြောင်း ဝင်ရောက်လာ တဲ့ အချိန်မှာ ရွာလုံးကျွတ် နှင်ထုတ် ခံနေရတာ တွေ၊ အစိုးရ စစ်တပ် သတ်မှတ်ပေးတဲ့ တနေရာထဲ မှာ စုပြုံ နေခိုင်းမှု တွေ အပါအဝင်၊ ရွာသူရွာသားတွေ ရဲ့ အိုးအိမ် ပစ္စည်းတွေ ကို ထင်သလို လုယက် ဖျက်စီး ခံနေရတာမျိုး လို၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေ ရှိနေတယ်လို့ စိုင်းဆိုင်မိန်း က ဆိုပါတယ်။

ပြည်တွင်းစစ် ရပ်စဲပြီး၊ ရှမ်းကျေးလက်နေ ပြည်သူတို့ ဘ၀ အေးချမ်းဖို့၊ အစိုးရရော ရှမ်း လက်နက်ကိုင် တပ်ဖွဲ့တွေကိုရော နှစ်ဘက်စလုံး ကို၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးကြ ဖို့ တိုက်တွန်းကြောင်း လည်း သူက ပြောပါတယ်။

ဝန်ကြီး ကယ်ရီဆီ ပေးပို့တဲ့ အိတ်ဖွင့် စာထဲမှာ၊ ရှမ်းပြည်နယ် နဲ့ တိုင်းရင်းသား ဒေသတွေမှာ မြန်မာစစ်တပ် က ထိုးစစ် ဆင်နေတာ ကို ကန့်ကွက်တဲ့ အနေနဲ့၊ မြန်မာအစိုးရနဲ့ စစ်ရေးအရ ပူးပေါင်း မဆောင်ရွက်ဖို့ ၊ အမေရိကန် အစိုးရကို တိုက်တွန်း ထားတာကို လည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာဆီယံအဖွဲ့က ကျင်းပမယ့် ဒေသတွင်း ဆိုင်ရာ အစည်းအဝေးတွေ ကို ပါဝင် တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီဟာ အခုရက်ပိုင်းမှာပဲ ရောက်လာဖို့ ရှိပြီး၊ နေပြည်တော် မှာ မြန်မာ အစိုးရ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမယ်လို့ လည်း၊ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ