၈လေးလုံး အရေးအခင်း ၂၆နှစ် ပြည့်ပြီ

  • 8 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption ရန်ကုန်မြို့ ဆူးလေဘုရားရှေ့မှာလည်း ရှစ်လေးလုံး အထိမ်းအမှတ် လွမ်းသူ့ပန်းခွေ ချတဲ့ အခမ်းအနား ကျင်းပခဲ့

ဒီကနေ့ သြဂုတ်လ ၈ရက်နေ့ဟာ နိုင်ငံတဝှမ်း ဒီမိုကရေစီ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ၈လေးလုံး အရေးအခင်း ၂၆နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ရှစ်လေးလုံး ၂၆နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား တွေကို ရန်ကုန်၊ မန္တလေးနဲ့ မြို့အတော် များများမှာ ကျင်းပခဲ့ပြီး သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းတာ၊ အရေးအခင်းမှာ သေဆုံးခဲ့သူတွေအတွက် ဂုဏ်ပြု ဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဓမ္မပိယသာသနာ့ရိပ်သာမှာ ကျင်းပခဲ့တဲ့ အခမ်းအနားကိုတော့(၈၈) ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင် ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံခြား သံရုံး တာဝန်ရှိသူ တွေအပြင် ရဟန်းသံဃာတော်တွေနဲ့ ပြည်သူတွေ အများအပြားတက်ရောက် ခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီ တောင်းဆို လှုပ်ရှားခဲ့တာ (၂၆)နှစ်တာ ကာလ လွန်မြောက်ခဲ့ ပေမယ့်လည်း အခုချိန်အထိ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့နဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဖို့က အဓိက အရေးပါနေတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် က အခမ်းအနားမှာ ပြောသွားပါတယ်။

မနှစ်က ထုတ်ပြန်ခဲ့တဲ့ ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်ရာမှာ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး အရေးပါတဲ့ အချက်တချို့ကို လုပ်ဆောင်နိုင်ခဲ့သလို အားနည်းချက် တွေလည်း ရှိခဲ့တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

မနှစ်က ရှစ်လေးလုံး ငွေရတု အခမ်းအနားမှာ အမျိုးသား အင်အားစု အားလုံးပါတဲ့ ညီလာခံ ဖော်ဆောင်ရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးကို အကောင်အထည်ဖေါ် လုပ်ဆောင်ဖို့ ဆုံးဖြတ် ခဲ့ကြတာပါ။