မြေသိမ်းယာသိမ်းခံ တောင်သူတွေ ဆန္ဒပြ

_madayar_farmers_konaylin ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မတ္တရာက တောင်သူတွေ

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ထဲက သိမ်းဆည်းခံ စိုက်ပျိုးမြေတွေ အရေးနဲ့ ပတ်သက်ပြီး၊ တောင်သူ ၂၀၀ ဝန်းကျင်လောက် ဆန္ဒပြဖို့ မြစ်သားမြို့ပေါ် တက်ရောက် ခဲ့ပေမယ့်၊ မြို့နယ် အာဏာပိုင်တွေ ရဲ့ ဂတိစကား တွေ ရခဲ့လို့ လူစု ခွဲခဲ့ကြပါ တယ်။

မြစ်သားမြို့နယ် လွန်ကျော်အုပ်စု ရွာ၅ရွာမှာ၊ ပွင့်ဖြူ ဝါစိုက်ပျိုးရေး တပ် နဲ့ မန္တလေး လက်နက် ခဲယမ်းတပ် က စိုက်ပျိုးမြေ ဧက ၇၀၀၀ ကျော် သိမ်းထားတာ ဖြစ်ပါတယ်။ ဒီ မြေတွေပေါ် ဒေသခံ တောင်သူတွေဟာ ထွန်တုံး တိုက်ပွဲ ဆင်နွှဲပြီး၊ ကိုယ့် မြေယာပေါ် ကိုယ် ဝင်ရောက် ထွန်ယက်ခဲ့ လို့၊ တောင်သူ ၉ ဦး တရားစွဲ ခံရတာ ကနေ၊ တောင်သူတွေ စုစည်းပြီး မြို့ပေါ် တက် ဆန္ဒပြဖို့ အထိ၊ ဖြစ်လာ ခဲ့တာပါ။

အလားတူပဲ၊ ကန့်ဘလူမြို့နယ် ထဲမှာ လည်း၊ ဒေသခံ တောင်သူ ၂၀ဝကျော် တရားစွဲ ခံနေရပြီး၊ ၅၆ ယောက် ကို ပြီးခဲ့တဲ့လက ထောင်ဒဏ် ၃လကနေ ၃နှစ်ထိ စီရင်ချက် ချကာ၊ ဝေးလံတဲ့ ထောင်တွေ ကို ပို့ခဲ့ပါတယ်။

တောင်သူတွေ တရားစွဲခံရတဲ့ ကိစ္စတွေဟာ မန္တလေးတိုင်း အတွင်း ပုသိမ်ကြီး မတ္တရာ ပြင်ဦးလွင် နဲ့ ကျောက်ပတောင်း ဒေသတွေမှာ လည်း ဖြစ်နေတဲ့ အကြောင်း အထက်မြန်မာပြည် အလုပ်သမား လယ်သမားများ ဆက်သွယ် ဆောင်ရွက်သူများ ကွန်ယက် အက်ဖ်အန်အိုင်က ပြောပါတယ်။

ဒီလို မြေယာတွေ အသိမ်းခံရတဲ့ ကိစ္စတွေကို ပြည်ထောင်စု အစိုးရ ၊ လွှတ်တော်တွေ၊ သက်ဆိုင်ရာ တိုင်းဒေသ အစိုးရတွေဆီ တိုင်တန်းစာတွေ အလီလီ ပို့ခဲ့ပေမယ့်၊ အရေးတယူ ဆောင်ရွက်တာ မရှိတဲ့ အတွက်၊ တောင်သူတွေ အနေနဲ့ သိမ်းဆည်းခံ မြေယာတွေ မှာ ဝင်ရောက် ထွန်ယက် ကြရာက၊ အဖမ်းခံရ၊ ထောင်ချခံရ ဖြစ်နေရတာ လို့ အက်ဖ်အန်အိုင် ရဲ့ တာဝန်ခံ ဦးကိုကြီး က ပြောပါတယ်။

၈ ရက် ဩဂုတ်လမှာပဲ၊ မတ္တရာမြို့နယ် ကို စိုက်ပျိုးရေးစားရိတ် ချေးငွေ လာထုတ်သူ တွေထဲ မှာ သပြေသာရွာ သမဝါယမ သိမ်းထားတဲ့လယ်မြေတွေ ပြန်ရရေး လုပ်ဆောင် ခဲ့သူတွေ ထဲက ခေါင်းဆောင် ၃ယောက်ကို၊ နယ်မြေခံ ရဲက ဝင်ဖမ်းလို့ ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး၊ ရဲ အလိုရှိတဲ့ တောင်သူ ၃ယောက် ကတော့ လွတ်မြောက် သွားတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ