မြန်မာ ပြုပြင်ရေး ပိုလုပ်ဖို့ ကယ်ရီပြော

  • 11 ဩဂုတ် 2014
kerry_burma
Image caption မြန်မာပြည်ရောက် ဂျွန်ကယ်ရီ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှုတွေ ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ သလို၊ ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး ကို တိုင်းတာရမယ့် ပေတံ ဖြစ်တယ် လို့ ပြောလိုက်ပါ တယ်။

မြန်မာပြည်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနဲ့ အရှေ့အာရှ နိုင်ငံတွေ ရဲ့ အစည်းအဝေး ကို တက်ရောက် ခဲ့ အပြီး၊ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့တာပါ။

မစ္စတာကယ်ရီ ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မှာ မြန်မာသမ္မတ အပါအဝင် အစိုးရအရာရှိ တွေ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံရာမှာ ပြုပြင် ပြောင်းလဲရေး ကို ပြည့်စုံအောင် ဆောင်ရွက်ဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဒါဟာ အမေရိကန် ရဲ့ တောင်းဆိုချက်တွေ နဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ သဘော မဟုတ်ပဲ၊ မြန်မာနိုင်ငံ ရဲ့ ရှေ့ အလားအလာ အတွက် လိုအပ်ချက်တွေ နဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ ပြောတာလို့ ဝန်ကြီး ကယ်ရီက ဆိုပါတယ်။

အာဆီယံနဲ့ အရှေ့အာရှ နိုင်ငံတွေ ရဲ့ အစည်းအဝေးမှာ တော့ တောင်တရုတ် ပင်လယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေ နဲ့ ပတ်သက်ပြီး၊ ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေ ကို စိတ်အေးအေးထား သည်းခံ ဖြေရှင်းကြဖို့၊ နိုင်ငံတကာ ဥပဒေကို လေးစား လိုက်နာကြ ဖို့ အငြင်းပွားဖက် နိုင်ငံအားလုံး ကို တိုက်တွန်း သွားခဲ့ပါတယ်။

မစ္စတာ ကယ်ရီဟာ နေပြည်တော် မှာ ညီလာခံတက်ပြီး၊ ဩဂုတ်လ ၁၀ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ရန်ကုန်မြို့ မှာ တွေ့ဆုံ ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံက ထွက်ခွာပြီး နောက် မှာ သူဟာ သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ ကို ဆက်လက် သွားရောက်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ