ကျောက်တော်မှာ ပုဒ်မ ၁၄၄ ရုပ်သိမ်း

  • 10 ဩဂုတ် 2014
Image caption ဆူပူမှုကြောင့် စီးပွားရေးတွေ ထိခိုက်

ရခိုင်ပြည်နယ်ထဲက ကျောက်တော် မြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း လိုက်ပြီလို့ သိရပါတယ်။

ရခိုင် ပြည်နယ် ကျောက်တော် မြို့မှာ ၂ဝ၁၂ ခုနှစ် ကတည်းက ထုတ်ထားတဲ့ ညမထွက်အမိန့် ပုဒ်မ ၁၄၄ ကို နယ်မြေဒေသ တည်ငြိမ် အေးချမ်း လာတဲ့ အတွက် ဒီလ ၇ ရက်နေ့ ကစပီး ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။ ကျောက်တော် မြို့နယ် ဟာ ကုလားတန် မြစ်ဖျားပိုင်းမှာ တည်ရှိပြီး ချင်းပြည်နယ်နဲ့ ကပ်ရပ် တည်ရှိ နေသလို ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ နိုင်ငံတွေနဲ့ ကုန်းတွင်းပိုင်း ကုန်သွယ် လမ်းကြောင်း ပေါ်မှာ တည်ရှိနေတဲ့ အတွက် စီးပွားရေး အရ အချက်အချာ ကျတဲ့ မြို့တမြို့ လည်း ဖြစ်ပါတယ်။

၂ဝ၁၂ ရခိုင် ဆူပူမှု အတွင်း ကျောက်တော် မြို့နယ်မှာ အပြန် အလှန် တိုက်ခိုက်မှု တွေနဲ့ မီးရှို့မှု တွေ ပေါ်ပေါက် ခဲ့လို့ အိမ်တွေ ရာနဲ့ ချီပြီး မီးရှို့ ခံခဲ့ရသလို လူ ဒါဇင်နဲ့ ချီပြီး သေဆုံး ခဲ့ရပါတယ်။

အဲဒီ ကတည်းက ညမထွက်ရ အမိန့်ထုတ် ထား ခဲ့တာကြောင့် စီးပွားရေး ပိုင်းမှာ အကြီးအကျယ် ထိခိုက် ခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် အတွင်း ညမထွက်ရ အမိန့်ထုတ် ထားတဲ့ မြောက်ဦး၊ မင်းပြား၊သံတွဲ ငပလီ တို့မှာ ရုပ်သိမ်း လိုက်ပေမယ့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ နဲ့ သံတွဲ မြို့တို့မှာ ဆက်လက်ပြီး ရှိနေတုန်း ဖြစ်ပါတယ်။

နယ်မြေဒေသ အလိုက် အေးချမ်း လာရင်တော့ ဆက်ရုပ်သိမ်း ပေးမယ်လို့ ရခိုင် အစိုးရ ပြန်ကြားရေးနဲ့ မှတ်တမ်း ပြုစုရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။ စစ်တွေ မြို့ပေါ်မှာ လည်း ညမထွက်ရ အမိန့်ကြောင့် စီးပွားရေး ကျဆင်းပြီး သာမန် လက်လုပ် လက်စား တွေကို ထိခိုက် နေတဲ့အတွက် ဒေသခံတွေ ကတော့ ညမထွက်ရ အမိန့်ကို ရုပ်သိမ်း ပေးဖို့ လိုလား နေကြတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ