နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် အမြန်လက်မှတ် ထိုးဖို့ နိုင်ငံရေး ပါတီတွေတောင်းဆို

  • 12 ဩဂုတ် 2014
နိုင်ငံရေးပါတီတွေနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့တွေ့
Image caption နိုင်ငံရေး ပါတီတွေနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့တွေ့

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ UPWC ဒုတိယ ဥက္ကဌ ဝန်ကြီးဉီးအောင်မင်းရဲ့ ဖိတ်ကြားချက်အရ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၆၆ခုမှ ကိုယ်စားလှယ်တွေက နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် အမြန်လက်မှတ် ရေးထိုးကြဖို့ သက်ဆိုင်သူ အားလုံးကို တိုက်တွန်းတဲ့ သဘောထား ထုတ်ပြန်ချက် ထွက်လာပါတယ်။

အဲဒီပါတီတွေရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအမြန်ဆုံးပေါ်ပေါက်ဖို့ ပါတီတွေနဲ့ငြိမ်းချမ်းရေး အဖွဲ့တွေ တွေ့ဆုံရေးတောင်းဆိုချက်ကို NCCT တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့မှ ခွန်ဥက္ကာက ကြိုဆို လိုက်ပါတယ်။

အခုထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန MPC မှတိုက်တွန်းလို့ ဆောင်ရွက်တာမဟုတ်ဘဲ တက်ရောက်ကြတဲ့ ပါတီတွေက လွတ်လွတ်လပ်လပ် တောင်းဆိုတာလို့ ဒီမိုကရေစီပါတီ မြန်မာပြည်မှ ဥက္ကဌ ဉီးသုဝေက ဘီဘီစီကို ပြောပါတယ်။

အစည်းအဝေးတက်ရောက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး စိုင်းညွန့်လွင်ကတော့ အပစ်အခတ်ရပ်စဲရေးကို နှစ်ဉီးနှစ်ဖက် သဘောတူညီပြီး လုပ်ဖို့လိုကြောင်း ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုမှုဟာ အပစ်ရပ် လက်မှတ် မထိုးရသေးသူတွေအတွက် ဖိအားပေးသလို ဖြစ်မှာ စိုးရိမ်မိကြောင်း ပြောကြားသွားပါတယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကြားမှာ လာမယ့်သြဂုတ်လ ၁၈ရက်မှာ ထပ်တွေ့ဖို့ အစီအစဉ်ရှိပါတယ်။