သစ်ချောထည် တင်သွင်းခွင့် သက်တမ်းတိုး

  • 12 ဩဂုတ် 2014
global_witness ဓာတ်ပုံ မူပိုင် Global Witness
Image caption ခုတ်လှဲပြီး သစ်လုံးတွေ

မြန်မာနိုင်ငံက သစ် အချောထည် တင်ပို့မှုကို အခုလ ဩဂုတ် ၂၀၁၄ ကနေ စလို့၊ ၂၀၁၅ ခုနှစ် ဇူလိုင်လကုန် အထိ အမေရိကန် အစိုးရက တစ်နှစ် သက်တမ်း ခွင့်ပြု ပေးလိုက် ပါတယ်။

မြန်မာအစိုးရဟာ အမေရိကန် ပြည်ထောင်စုကို သစ်တင်ပို့ခွင့် မနှစ်ထဲက ရထားတာ ဖြစ်ပြီး၊ ဒါကတော့ နောက်ထပ် သက်တမ်း တစ်နှစ် ထပ်ရတာ ဖြစ်တယ်လို့ မြန်မာ့သစ်လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အခု တင်ပို့ခွင့် ပြုမှာကတော့ သစ်လုံးတွေမဟုတ်တဲ့ သစ်ခွဲသား၊ အထပ်သားနဲ့ ပရိဘောဂ ကြမ်းခင်းသုံး သစ်အချောထည်တွေ ဖြစ်ပြီး International Wood Product Association လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ သစ် နဲ့ သစ်ထွက် ကုန်ပစ္စည်း အဖွဲ့ဝင်ကုမ္ပဏီတွေ ကနေ တဆင့်၊ အမေရိကန် ပြည်ထောင်စု ကို တင်သွင်းရမှာ ဖြစ်တယ်လို့ လည်း အဆိုပါ မြန်မာ့ သစ်လုပ်ငန်း တာဝန်ရှိသူ က ပြောပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေ မရှိပဲ၊ စျေးကောင်း ပေးနိုင်တဲ့ အနောက်နိုင်ငံတွေ ဆီကို တင်သွင်းခွင့် ရတာဟာ၊ သစ်အခြေခံ လုပ်ငန်းတွေ ဖွံ့ဖြိုးနိုင်ဖို့ အခွင့်အရေး ဖြစ်ကြောင်း သစ်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးစိန်လွင် က၊ ပြောပါတယ်။

လောလောဆယ် မှာ မြန်မာ့သစ်ကို အိမ်နီးချင်း တရုတ် အိန္ဒိယ နဲ့ အာဆီယံနိုင်ငံတွေက အများဆုံး ဝယ်ယူတာပါ။

Green Gold သစ်လုပ်ငန်းပိုင်ရှင် ဦးဘိုကျော်ကတော့ သစ်လုံးတွေကို အချောထည် ဖြစ်ဖို့ ဆောင်ရွက်ရာမှာ အစိုးရဘက်ပိုင်းက နှောင့်နှေး ကြန့်ကြာမှုတွေ ရှိနေတဲ့ အပြင်၊ လုပ်ငန်းရှင် တချို့ကိုပဲ အကျိုးရှိစေနိုင် မှာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

အမေရိကန် အစိုးရဟာ လွန်ခဲ့တဲ့ (၂၀ဝ၃) ခုနှစ် က နေ (၂၀၁၂) ခုနှစ် နှစ်ကုန်ပိုင်း အထိ၊ မြန်မာနိုင်ငံ ကို ကုန်သွယ်ရေး ပိတ်ဆို့ခဲ့တာ ဖြစ်ပြီး၊ အဲဒီနောက်ပိုင်းကျမှ ကုန်သွယ်မှု တချို့ ဖြေလျော့ ပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှု တွေ လုပ်ဆောင်လာနေတဲ့ အတွက်ဆိုတဲ့ အကြောင်းခံနဲ့ ပိတ်ဆို့မှုတွေကို ဖြေလျော့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖြေလျော့ပေးတာ အချိန်စောသေးတယ် ဆိုတဲ့ ဝေဖန်သံတွေ လည်း မြန်မာ့ အရေး စိတ်ဝင်စားသူ အသိုင်းအဝိုင်း အကြား ဝေဖန်မှုတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ