၄၃၆ ပြင်ရေး လူထုလက်မှတ်တွေ လွှတ်တော်ကိုတင်

  • 13 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် NLD
Image caption အန်အဲဒီ ဦးဉာဏ်ဝင်းနဲ့ ၈၈ ဦးကိုကိုကြီး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ တဝန်းမှာ မေလ ၂ရ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ ပြည်သူလူထု ၅ သန်းနီးပါးရဲ့ လက်မှတ်ရေးထိုးဆန္ဒခံယူပွဲ ရလာဒ်တွေ ကို ဒီကနေ့လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်တွေ ဆိုတာက မဲဆန္ဒရှင်တွေကို ကိုယ်စားပြုပြီး မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို အလေးထားရမယ်လို့ ယုံကြည်တဲ့ အလျောက် ၅ သန်းလောက်ရှိတဲ့ ပြည်သူတွေ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒပြုလွှာတွေကို ပြည်ထောင်စု လွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတွေဆီကို ပေးပို့ခဲ့တာလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

ဒါကြောင့် အခု ပေးပို့တဲ့ ရလာဒ်တွေကို အခြေခံပြီး လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အလေးထား ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဥပဒေပြုရေးဖြစ်တယ် ၊ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြည်လည်သုံးသပ်ရေးကော်မီတီမှာလည်း ဆွေးနွေးနေကြတာရှိလို့ ပြည်ထောင်စုလွှတ်တော်အဆင့် ဆွေးနွေးရာမှာ အထောက်အကူဖြစ်အောင် လွှတ်တော်ကိုပဲ တိုက်ရိုက်ပေးပို့တာလို့ ပြောပါတယ်။

သူတို့ လှုပ်ရှားမှုရဲ့ အရေးပါတဲ့ ရလာဒ်က ၂၀၀၈ ဖွဲ့စည်းပုံကို တဘက်သတ်ရေးဆွဲထားတဲ့ အခြေအနေကို ပြည်သူတွေ ထင်ထင်ရှားရှား သိမြင်လာစခဲ့တာဖြစ်တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ဒီမိုကရေစီ စံချိန်စံညွှန်းအရဆိုရင် ၄၃၆ ကို မပြင်သင့်ဘူးဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။

၄၃၆ မပြင်သင့်ဘူးဆိုတာကို ကန့်ကွက်ပိုင်ခွင့်ရှိပေမယ့် လူသိရှင်ကြားကန့်ကွက်သင့်ပြီး၊ ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတာကို အကျိုး အကြောင်း ခိုင်ခိုင်လုံလုံ ရှင်းပြဖို့ လိုတယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ