နိုင်ငံလူဦးရေ သန်း ၆၀ အောက်ပဲရှိနိုင်

  • 13 ဩဂုတ် 2014
Burma Census ဓာတ်ပုံ မူပိုင် LLKS
Image caption ၂၀၁၃ မတ်လကနေ ဧပြီလ ၁၀ ရက်အထိ သန်းခေါင်စာရင်း ကောက်ခံခဲ့

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ရှေ့ပြေးစာရင်း အရ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၆ဝ မကျော်နိုင်ဘူးလို့ တွေ့ရှိရပါတယ်။

နှစ်ပေါင်း ၃ဝ ကျော်ကြာ သန်းခေါင်စာရင်း မကောက်ခံနိုင် ခဲ့တာကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်း တွေမှာ လောလောဆယ် အသုံးပြုနိုင်ဖို့ ရှေ့ပြေး လူဦးရေ စာရင်းကို အခုလ ကုန်ပိုင်းမှာ ထုတ်ပြန်မယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

နှစ်ပေါင်း ၃ဝ ကျော် အတွင်း ပထမအကြိမ် သန်းခေါင်စာရင်းကောက်ခံမှုကို ကုလသမဂ္ဂ ကမ္ဘာ့ လူဦးရေ ရန်ပုံငွေ အဖွဲ့နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကောက်ခံခဲ့တာဖြစ်ပါတယ်။

အခု ၂၀၁၄ ခုနှစ် အတွင်း ကောက်ခံလို့ မရတဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ၂၀၁၃ ခုနှစ်တုန်းက ကောက်ကွက်မြေပုံတွေ ရေးဆွဲခဲ့စဉ် အိမ်ထောင်စု စာရင်းတွေ ရထားပြီး ဖြစ်တဲ့ အတွက် လူဦးရေ စာရင်း ရထားပြီး ဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

အဲဒီ ပြည်နယ် နှစ်ခုမှာ ကောက်ခံလို့ ရတဲ့ လူဦးရေ၊ အကောက် မခံတဲ့ လူဦးရေ စတာတွေကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။

ရှေ့ပြေး စာရင်းမှာ တစ်နိုင်ငံလုံး မှာရှိတဲ့ ကျားမ လူဦးရေစာရင်းနဲ့ အိမ်ထောင်စု စာရင်း တွေကို တိုင်းအဆင့် ခရိုင် အဆင့်ကနေ မြို့နယ် အဆင့် အထိ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး ကျန် စာရင်း အပြည့်အစုံ ကိုတော့ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်း လောက်မှာ ထုတ်ပြန် နိုင်လိမ့်မယ်လို့ လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ