အမေရိကန် NDIအဖွဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့

  • 14 ဩဂုတ် 2014
iri_ndi_logo_304x171
Image caption NDI အဖွဲ့ မြန်မာနိုင်ငံ ရောက်

ကမ္ဘာအရပ်ရပ်က နိုင်ငံရေး ပါတီတွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာဖို့နဲ့ ဒီမိုကရေစီ အလေ့အကျင့် ထွန်းကားရေး အတွက် အကူ အညီ ပေးနေတဲ့ National Democratic Insitutes အဖွဲ့ NDI က နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိ သူတွေကို တွေ့ဆုံ နေပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုတွေကို လေ့လာပြီး နိုင်ငံရေး ပါတီတွေ အားလုံးကို လိုအပ်တဲ့ အကူအညီတွေ ပေးသွားမှာပါ လို့ NDI အဖွဲ့ဝင်တွေ က ပြောပါတယ်။

NDI အဖွဲ့က အာရှပိုင်း အစီအစဉ် ဒါရိုက်တာ Peter M Manicap နဲ့ အဖွဲ့ဟာ မနေ့က NLD နဲ့ NDF ပါတီတွေက ရွေးကောက်ခံ ကိုယ်စားလှယ် တချို့နဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒိလို တွေ့ဆုံချိန်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ၊ အခြေအနေတွေကို NLD ပါတီက တောင်သူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှုး ဦးကျော်မြင့်က Peter M Manicap ကို ရှင်းပြရာမှာ၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကော်မရှင် ဥက္ကဌ ဟာ နိုင်ငံရေး ပါတီတွေ နဲ့ မသက်ဆိုင်တဲ့ စက်ရှင်မင်းကြီး ဖြစ်ပေမဲ့၊ အခု ကော်မရှင် ဥက္ကဌ ဟာ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သလို၊ ကြံ့ချုင်ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်ဟောင်း ဖြစ်တာကို နှိုင်းယှဉ်ပြပုံ ဘီဘီစီ ကို ပြောပြပါတယ်။

PR စံနစ် တင်သွင်းတဲ့ ကိစ္စကို မေးမြန်းလို့ ဖြေကြတဲ့ အခါမှာတော့ NLD နဲ့ NDF ပါတီကြား ဖြေဆိုမှု ကွဲပြားခဲ့တယ်လို့ ဦးကျော်မြင့်က ပြောပါတယ်။ အခြေခံဥပဒေနဲ့ ပက်သက်ပြီး ဦးကျော်မြင့်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြုံခဲ့ရတာတွေကိုပဲ ဦးစားပေး ရှင်းပြခဲ့တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီကနေ့မှာတော့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ဗဟို ကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံ ကြမယ် လို့ သတင်း ရရှိ ပါတယ်။