ညောင်ဝန်းမှာ ရဲနဲ့ တောင်သူ ပဋိပက္ခဖြစ်

  • 14 ဩဂုတ် 2014
farmer ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဒေသခံ တွေ ဝင်ရောက် စိုက်ပျိုး

မန္တလေးနဲ့ မိုင် ၄ဝ ကျော် ဝေးတဲ့ စဉ့်ကူး မြို့နယ် ညောင်ဝန်း ရွာမှာ ဒေသခံ တောင်သူ တွေနဲ့ ရဲတပ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်လို့ ၂ ဘက် စလုံး ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဩဂုတ်လ ၁၄ ရက် မနက် ၁ဝ နာရီခွဲ က ညောင်ဝန်းရွာ တောင်သူ တွေက သိမ်းဆည်း ခံရတဲ့ မြေတွေ ပေါ်မှာ ဝင်ထွန်ဖို့ လူစု နေတုန်း နယ်မြေခံရဲ ၅ဝ လောက် ရောက်လာပြီး လူစုခွဲ ခိုင်းရာက ရဲက သေနတ်နဲ့ ပစ်လို့ အမျိုးသမီး တဦး ခြေထောက် သေနတ် ထိမှန်ခဲ့ပါတယ်။

သေနတ်မှန်တဲ့ မစန်းကြင်နု ဆိုတဲ့ အမျိုးသမီး ကို မန္တလေး ဆေးရုံ ပို့ပြီး ဆေးကု နေရတယ်လို့ ညောင်ဝန်း ရွာသား ကိုခင်မောင်ဌေးက ပြောပါတယ်။

ညနေပိုင်းမှာ ရဲက ဖမ်းထားတဲ့ ဒေသခံ ဦးမြင့်ကြည်ကို ပြန်လွှတ် လိုက်ပြီး ရွာသားတွေ ဝိုင်းထားတဲ့ ရဲ ၃၉ ယောက် ကိုလည်း ရွာဦးကျောင်း ဆရာတော်က ခေါ်ထားရပါတယ်။

မိုးချုပ်ချုပ်မှာ ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ အဖွဲ့ ရောက်လာပြီး ဒေသခံ တွေက အမိန့်ပေးတဲ့လူနဲ့ သေနတ်နဲ့ ပစ်ခတ်သူ ကို ဖော်ထုတ်ပေးဖို့ တောင်းဆို ညှိနှိုင်း နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

နယ်မြေခံ လက်ပံလှ ရဲစခန်းကို ဘီဘီစီက ဆက်သွယ် ကြည့်တော့ အထက် အမိန့်မရလို့ ပြောဆိုခွင့် မရှိဘူးလို့ ဖြေပါတယ်။ ပြဿနာ တက်နေတဲ့ ညောင်ဝန်းက လယ်မြေဧက ၆ ထောင် ကျော်ကို မန္တလေး နန်းတွင်း ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး(၁၂၁) တပ်က လွန်ခဲ့တဲ့ နှစ် ၃ဝ လောက် ကတည်း က သိမ်းထားပြီး ၁၉၉၆ မှာ ဂရိတ်ဝေါ သကြားစက် ပိုင်ရှင် ဦးတင်မောင် ကို နှစ် ၆ဝ စာချုပ် နဲ့ ငှားရမ်း ထားတာပါ။

ဂရိတ်ဝေါ ဦးတင်မောင် ကတော့ ဒီမြေတွေမှာ သူကြံစိုက် ထားတာ မှန်ပေမယ့် စစ်တပ်က ပြန်ပေးရင် သူ့ဘက်က စာချုပ် ဖျက်ပြီး ပြန်ပေးနိုင်ကြောင်း ဘီဘီစီကို ပြောဖူးပါတယ်။

အခုဆိုရင် သိမ်းထားတဲ့ မြေတွေထဲက ၃ပုံ ၁ပုံ လောက်ကို ဒေသခံ ရွာသားတွေက အတင်းဝင်ရောက် စိုက်ပျိုးလို့ သီးနှံတွေ ဖြစ်ထွန်းနေပြီး ကျန်တဲ့ မြေတွေပါ ရဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ