တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပြီးသတ် စာချုပ် ချုပ်နိုင်မလား

  • 14 ဩဂုတ် 2014
MPC and NCCT meeting in April, 2014 ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေ ဧပြီလတုန်းက ဆွေးနွေးခဲ့ကြ

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး တိုင်းရင်းသားများ ဘက်က ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPWC တို့ နှစ်ရက်ကြာ ဆွေးနွေးမှုကို သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ဒါဟာ နှစ်ဘက် အကြား ၅ ကြိမ်မြောက် ဆွေးနွေးတာလည်း ဖြစ်ပါတယ်။

တွေ့ဆုံကြတဲ့ အခါ ဒုတိယ မူကြမ်းမှာတုန်းက ဆက်လက် ညှိနှိုင်းဖို့ ကျန်တဲ့ အချက် ၃၁ ချက်ကို ဆက်လက် ဆွေးနွေးကြမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

အပစ် အခတ်ရပ်စဲရေး သဘောတူ စာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ရေးကို ရည်ရွယ်တဲ့ အဲဒီ ဆွေးနွေးပွဲမှာ တစုံတရာ မဆုံးဖြတ်နိုင်ဘူးဆိုရင် နောက်ထပ် မူကြမ်းတစ်ခုသာ ထပ်ထွက်လာနိုင်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဒီစာချုပ် အတွက် နှစ်ဖက် ညှိနေကြတာ တစ်နှစ်နီးပါး ရှိပါပြီ။

ပထမဆုံး မြစ်ကြီးနားမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အလွတ်သဘော တွေ့ဆုံပြီး အပစ်ရပ် စာချုပ်အတွက် စတင် ညိနှိုင်းခဲ့ ကြပြီး ဒုတိယ အကြိမ် မှာတော့ နှစ်ဖက်စလုံးက အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး စာချုပ် တစ်ခုစီ ရေးဖို့ သဘော တူခဲ့ကြ ပါတယ်။

တတိယ အကြိမ်မှာ စာချုပ်နှစ်ခုမှာပါ တဲ့အချက်ပေါင်း ၁၂၀ ထဲက နှစ်ဖက် သဘော တူညီမှု အချက် ၇၀ ကျော် အထိ ညိနှိုင်းခဲ့ ပါတယ်။

စတုတ္တ အကြိမ်ရောက်တော့ စာချုပ်တစ်ခုတည်း ဖြစ်အောင်လုပ်ခဲ့ကြပြီး အခုတစ်ကြိမ်မှာ အပြီး သတ်နိုင်ဖို့ မျှော်မှန်းကြ ပါတယ်။

NCCT တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး တိုင်းရင်းသားများ ဘက်က ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့က ဒေါက်တာ ဆလိုင်း လျန်မုန်းကတော့ အစိုးရ ဘက်က ပြောတာတွေကို တိုင်းရင်းသားတွေက ကန့်ကွက်တာ မရှိဘူး၊ တိုင်းရင်းသားတွေ ဘက်က လိုလားတာတွေကို အစိုးရ ဘက်က လက်ခံမယ်ဆိုရင် အားလုံး ပြီးစီး သွားမှာပါလို့ ပြောပါတယ်။ အစည်းအဝေး တက်ရောက်ဖို့ ကေအိုင်အေ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် အပါဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ ရန်ကုန်ကို ရောက်နေကြပြီဖြစ်ပြီး အကြိုညှိနှိုင်း ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ