ဗကပ ပြည်တွင်းမှာ ရပ်တည်ခွင့် ရှိလာနိုင်မလား

  • 15 ဩဂုတ် 2014
Communist Party Burma 75 years ဓာတ်ပုံ မူပိုင် cpb website
Image caption ကွန်မြူနစ် ပါတီစတင် ထူထောင်သူများ စာရင်း (CPB စာမျက်နှာ)

၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ပြီး စတင် ဖွဲ့စည်းခဲ့တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ CPB ပါတီ သက်တမ်း ၇၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ကွန်မြူနစ် ပါတီ အနေနဲ့ ပြည်တွင်းမှာ တရားဝင် ရပ်တည်ခွင့် ရရေး ရည်မှန်းချက် အခုချိန်ထိ ရှိနေတယ်လို့ ပါတီ ပြောရေးဆိုခွင့် ရှိသူ ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။

သူတို့ ပါတီ တရားဝင် ရပ်တည်ခွင့်ကို အစိုးရက ပိတ်ပင်ခဲ့လို့ ကွန်မြူနစ် ပါတီက လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ရတာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

၈ လေးလုံး လူထု အရေးတော်ပုံ အပြီးမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဘက်က လာရောက် ဆက်သွယ်တုန်းက သူတို့ သဘောထားကိုပြောပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အခု ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့ အချိန်မှာတော့ အစိုးရဘက်က ကွန်မြူနစ် ပါတီဘက်ကို ဆက်သွယ်တာ မရှိသလို သူတို့ဘက်ကလည်း တိုက်ရိုက် ဆက်သွယ်တာ မရှိဘူးလို့ ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။

လောလောဆယ် ပြည်သူတွေ အပေါ် အာဏာပိုင်တွေ ဘက်က မတရားမှုတွေ၊ နှိပ်ကွပ် မှုတွေ ရှိနေတဲ့ အချိန်မှာ အဖိနှိပ်ခံ ပြည်သူတွေ ဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ကွန်မြူနစ် ပါတီ ပြည်တွင်းကို ပြန်ဝင်လာမှာကို အစိုးရဘက်က လိုလားပုံ မရဘူးလို့လည်း သူက ပြောပါတယ်။

အစိုးရနဲ့ ပူးတွဲပြီး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အပစ် အခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှု အကောင်အထည်ဖော်ရေး ဌာနရဲ့ ဌာနမှူး ဒေါက်တာ မင်းဇော်ဦး ကတော့ ကွန်မြူနစ် ပါတီ ပြည်တွင်းကို ပြန်ဝင်လာ ချင်ရင် ပထမဆုံး တရားဝင် ပါတီ ဖြစ်အောင် လုပ်သင့်တယ်လို့ ယူဆပါတယ်။

နိုင်ငံရေး အခြေ အနေကြောင့် ပြည်ပမှာ ခိုလှုံနေခဲ့ပြီး တဲ့နောက် ပြည်တွင်းကို ပြန်လာပြီး တရားဝင် ရပ်တည်ဖို့ ကြိုးစားကြတဲ့ အဖွဲ့တွေ ရှိတယ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဆို နယ်စပ်ကနေ ပြန်ဝင်လာတာဖြစ်တယ်၊ ဒါမှ မဟုတ် မြေအောက် လှုပ်ရှားမှုလုပ်ရာက ပါတီထောင်ဖို့ လုပ်ဆောင် လာတာ ရှိတဲ့ အတွက် ဗမာပြည် ကွန်မြူနစ် ပါတီ အနေနဲ့လည်း ကြိုးစား ကြည့်သင့်တယ်လို့ သူက ပြောပါတယ်။

မကြာခင် လုပ်ဆောင်ဖို့ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ပါဝင်ဖို့ ဆိုတဲ့ အခြေခံနဲ့ ကြိုးစား ကြည့်နိုင်တယ်လို့လည်း ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ