မဲဆောက်ဆန်လှူပွဲမှာ လူတွေ ကြိတ်ကြိတ်တိုး

maesot_donation_
Image caption မဲဆောက် ဘုံကျောင်း ဆန်လှူပွဲ

မြန်မာနိုင်ငံ ဘက်ခြမ်းက မြ၀တီမြို့ နဲ့ မျက်နှာချင်းဆိုင်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာ ဩဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်ဘုံကျောင်း ဆန်လှူပွဲ အတွင်း မြန်မာ နိုင်ငံသားတွေ နဲ့ ကြိတ်ကြိတ်တိုး စည်းကားခဲ့ပါ တယ်။

တရုတ်ရိုးရာ ကွယ်လွန်သူ ဘိုးဘေးတွေ နဲ့ ဆွေမျိုးမဲ့ ဝိညာဉ်တွေ အတွက် ရည်စူးပြီး ဆုတောင်း ကန်တော့ပွဲ မှာ၊ ဆန်အပါအဝင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆား၊ အချိုမုန့် စတာတွေ ကို လှူဒန်းတာ ဖြစ်ပါတယ်။

အဲဒီ့ အလှူမှာ၊ ထိုင်းနိုင်ငံဘက် ရောက်ရှိ နေကြတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ သာမက၊ မြဝတီ ဘက်ခြမ်းကပါ မြန်မာ နိုင်ငံသားတွေ ဟာ၊ အလှူပစ္စည်းတွေ ကို လာရောက် အလှူခံ ရယူခဲ့ကြပါ တယ်။

ဘုံကျောင်း အနေနဲ့ အလှူပစ္စည်း အထုပ်ပေါင်း တစ်သောင်း နှစ်ထောင် ပြင်ဆင်ထားပြီး၊ မနက်ပိုင်း ကတည်းက၊ အလှူခံသူတွေ ကို တိုကင်တွေ ဝေငှ ထားတာပါ။ တိုကင် မရသူတွေ အတွက်၊ လူတစ်ဦးကို ဘတ် ၁၂၀ ပါ စာအိတ်တွေ ဝေတယ် ဆိုပြီး၊ ဘုံကျောင်း ဥက္ကဌ နိုင်ဆူချပ် သရီထြ ဝပ်ထရာ က ပြောပါတယ်။

အလှူနေ့မှာ ထိုင်းရဲတွေက လည်း၊ အလှူခံ ရွှေ့ပြောင်း လုပ်သားတွေ နဲ့ မြဝတီဘက်က ကူးလာ သူတွေကို လွတ်လွတ်လပ်လပ် ပဲ သွားလာခွင့် ပြုထားပါတယ်။

အလှူပွဲ နေရာမှာ၊ လှူဖွယ် ပစ္စည်းတွေကို အလှူခံလို့ ရလာသူတွေဆီက လာရောက် ဝယ်ယူ နေသူတွေ လည်း ရှိနေပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်ရေးကို border trade လို့ ခေါ်တဲ့ နယ်စပ် ကုန်သွယ်ရေး အဆင့်ကနေ၊ normal trade လို့ခေါ်တဲ့ ပုံမှန် ကုန်သွယ်ရေး အသွင်ကို ကူးပြောင်းစ ကာလမှာ၊ နယ်စပ်က နေ့စား အလုပ်သမား အထမ်းသမား တွေ အလုပ်လက်မဲ့ ဖြစ်ပြီး ဒုက္ခရောက်နေ ကြတယ် လို့ ဒေသခံတွေ က ပြောပါတယ်။

ဒါ့ကြောင့် အခုနှစ် ဆန်လှူပွဲ ကို မြ၀တီက လူတွေ ပြီးခဲ့တဲ့ နှစ်ကနဲ့ ယှဉ်ရင်၊ ပိုပြီး လာကြတာ ဖြစ်တယ် လို့ မဲဆောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ