ရေဘေးကြောင့် လယ်ဧက တသိန်းဝန်းကျင် ပျက်စီးနိုင်

  • 16 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ရေမြုပ်တဲ့ လယ်တချို့ ပျက်စီးပေမယ့် စပါးထွက် မလျော့နိုင်လို့ ဆို

မြန်မာနိုင်ငံတဝန်းမှာ မိုးများပြီး ရေကြီးရေလျှံမှုတွေကြောင့် လယ်တွေ ရေမြုပ်ခဲ့တဲ့အတွက် ထိခိုက် ပျက်စီးခဲ့ရတဲ့လယ်ဧကဟာ တသိန်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတဦးက ခန့်မှန်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း မိုးများတဲ့အတွက် ပဲခူးတိုင်းဒေသကြီးမှာ ဧက တသိန်းသုံးသောင်းလောက်၊ ရန်ကုန်တိုင်းမှာ ဧက ၅ သောင်းလောက်၊ ဧရာဝတီတိုင်းမှာ ဧက ၄ သောင်းလောက် ရေမြုပ်ခဲ့ပေမယ့် တချို့နေရာတွေမှာ ရေပြန်ကျနေပြီလို့ ဆိုပါတယ်။

ဒီလိုလယ်တွေ ရေမြုပ်ခဲ့တာကြောင့် လယ်သမားတွေမှာ ပျက်စီးသွားတာကို အစားပြန်စိုက်ဖို့ မျိုးစပါးအခက်အခဲရှိနေသလို မျိုးစပါးနဲ့ ဓါတ်မြေသြဇာ ဝယ်ယူဖို့လည်း ငွေကြေး အခက်အခဲရှိနေတယ်လို့ ပဲခူးတိုင်းက လယ်သမားကြီးတ၊ဦးက ပြောပါတယ်။

နောက်တခါ အခုပြန်စိုက်ရင် နောက်ကျနေမှာ ဖြစ်တဲ့အတွက် သက်တမ်းတိုစပါးမျိုးပဲ စိုက်နိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေး မြေစာရင်းနဲ့ လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့တွေ အခုအခါ ထိခိုက်ပျက်စီးမှုပမာဏကို ကွင်းဆင်းစာရင်းကောက်ယူနေပြီး တိုင်းဒေသကြီး အစိုးရတွေက တဆင့် အကူအညီပေးနိုင်အောင် ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။

လယ်သမားတွေဘက်ကတော့ အရင် အတွေ့အကြုံအရ မျိုးစပါးတရက်ကြိုရရင် စပါးကောင်းကောင်းထွက်ဖို့ တရက်ကြို အခွင့်အရေးရတာဖြစ်လို့ သူတို့ရဲ့ အခက်အခဲတွေကို သက်ဆိုင်ရာက အချိန်မှီ ကူညီပံ့ပိုးပေးဖို့လိုအပ်တယ်လို့ ပြောပါတယ်။

အခုလို လယ်တွေ ရေမြုပ် ပျက်စီးမှုတာရှိပေမယ့် စပါးအထွက်ကို ထိခိုက်မှာ မဟုတ်ဘူလို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ