ငြိမ်းချမ်းရေးမှာ အရပ်ဘက်အဖွဲ့ရဲ့ ကဏ္ဍ

ncct_mpc_ ဓာတ်ပုံ မူပိုင် nyo ohn myint MPC
Image caption မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ လုပ်တဲ့ လောလောလတ်လတ် ဆွေးနွေးပွဲ တစ်ခု

မြန်မာနိုင်ငံ ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ၊ အမျိုးသမီး နဲ့ လူငယ်တွေ အပါအဝင် လူမှု အခြေပြု အရပ်ဘက် အဖွဲ့အစည်း တွေ ပါဝင်လာဖို့ အခွင့်အလမ်း နဲ့ နည်းနာတွေ အကြောင်းကို၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဖြစ်တဲ့ NCCT က ခေါင်းဆောင်တွေ နဲ့ အရပ်ဘက် အဖွဲ့အစည်း ၅၄ ဖွဲ့ဟာ၊ ဩဂုတ်လ ၁၉ ရက်နေ့တုန်း က ရန်ကုန်မြို့ မှာ တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ မှာ၊ civil society လို့ ခေါ်တဲ့ လူမှု အဖွဲ့အစည်း ပေါင်းစုံ ပါဝင် ပတ်သက်ခွင့် ရှိရမယ့် အပေါ် လက်ခံပါတယ် လို့၊ NCCT ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။

ပြည်တွင်းစစ်ကို ထိပ်တိုက် ရင်ဆိုင်နေရ တဲ့ လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ အဓိက နေရာကနေ အစိုးရနဲ့ အကြား ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ် နေရတာမှာ၊ ရှေ့လာမယ့် ဖြစ်စဉ်တွေ အတွင်း အရပ်ဘက် အဖွဲ့အစည်းတွေ ကို လိုအပ်တဲ့ နေရာ ကဏ္ဍတွေမှာ အရံ အင်အားစု တွေ အဖြစ် ပါဝင်ခွင့် ပေးပါမယ် ဆိုပြီးတော့ နိုင်ဟံသာက ပြောပါတယ်။

တက်ရောက် လာကြတဲ့ လူငယ်အရပ်ဖက် အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Generation Wave အဖွဲ့ကတော့၊ ပိုမိုပြီး ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ခွင့် ရလိုကြောင်း ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဆွေးနွေးရာမှာလည်း၊ ပြည်တွင်းစစ်ကြောင့် နေရပ် စွန့်ခွာ ပြေးကြရသူတွေ ကို ကူညီတဲ့ ကိစ္စတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ် ဆိုင်ရာ ကိစ္စတွေ အပါအဝင် ပညာရေး ကဏ္ဍတွေနဲ့ လူမှု အဖွဲ့အစည်း အတွင်း သဘောထား အမြင်တွေကို ကောက်ခံတဲ့ ကိစ္စမျိုးတွေ မှာ ၊အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ ရှိနှင့်ပြီး ဖြစ်လို့၊ ဝင်ရောက် ပတ်သက် ကူညီ နိုင်တဲ့ ကဏ္ဍတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

ဆွေးနွေး ခဲ့ကြတာတွေထဲ မှာ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အာမခံချက် ရှိဖို့နဲ့၊ ငြိမ်းချမ်းရေး ဖော်ဆောင် နေသူတွေ အနေနဲ့ အရပ်ဘက် အဖွဲ့တွေနဲ့ တစ်လတစ်ကြိမ် ပုံမှန် တွေ့ဆုံဖို့၊ စတာ တွေကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့ပါတယ်။

လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေ အပြင်၊ အစိုးရ နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါတဲ့ (၃)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ NCCT ဘက်က အဆိုပြု ထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ဘက်ကတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် နဲ့ နိုင်ငံရေး အင်အားစုတွေ အပြင်၊ စီးပွားရေး လုပ်ငန်းရှင် ၊ နည်းပညာရှင် နဲ့ အရပ်ဖက် အဖွဲ့တွေ အပါအဝင် အဖွဲ့ ၉ ဖွဲ့ ပါဝင်လာဖို့ အဆို ပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ