ရှမ်းပြည်နယ်က အစိုးရတပ် ဖယ်ဖို့ ရွာသားတွေ တောင်းဆို

  • 19 ဩဂုတ် 2014
SSA army ဓာတ်ပုံ မူပိုင် no credits
Image caption SSA တပ်ဖွဲ့များ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင် ကျေးရွာမှာ တပ်စွဲထားတဲ့ အစိုးရတပ် ဖယ်ပေးဖို့ ရွာသား ၂ဝဝ ကျော်က လက်မှတ်ထိုးပြီး သမ္မတနဲ့ တခြား သက်ဆိုင်သူ တွေကို တောင်းဆိုဖို့ ပြင်ဆင် နေကြ ပါတယ်။

တာဖာဆောင် ကျေးရွာက SSA အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စစ်ဌာနချုပ် ဝမ်ဟိုင်းအနီးမှာ တည်ရှိပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော်က အစိုးရစစ်တပ်နဲ့ အက်စ်အက်စ်အေ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်တို့ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်က ရွာထဲမှာ တပ်စခန်း ထိုင်ထားတဲ့ အတွက် ရွာသား ၃ဝဝ လောက်က ရွာပြင်က ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်တွေ အဖြစ် သွားရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။

အစိုးရတပ်က တပ်စွဲထားတဲ့ သူတို့ရွာကို ရွာသားတွေ ပြန်မနေရဲလို့ စစ်တပ်ကို ဖယ်ရှား ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ဒုက္ခသည်ကော်မတီဝင် စိုင်းဦးက ပြောပါတယ်။

SSA တပ်တွေက တောတောင်တွေ ထဲမှာ နေကြတာ ဖြစ်ပေမဲ့ နှစ်ဘက် တပ်တွေ နီးနီးကပ်ကပ် ဆိုင်နေတဲ့ အနေအထား ကြောင့် စစ်ဖြစ်မှာကို ရွာသားတွေ စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။

အစိုးရ စစ်တပ်က စစ်ကြောင်းတွေကို အဲဒီရွာ တဝိုက်မှာ တပ်ရင်း ၇ ရင်း ၈ ရင်းလောက် ချထားတဲ့ အတွက် အဲဒီ တပ်တွေကို ပြန်ခေါ်မှသာ ရွာသားတွေ အိမ်ပြန်ရဲကြမယ်လို့ သူက ပြောပါတယ်။

ရွာသား ဒုက္ခသည်တွေကို လူမှုရေး အကူအညီ ပေးသူ တွေက အစား အသောက်တွေ ထောက်ပံ့ ပေးထားတယ်လို့လည်း စိုင်းဦးကပြောပါတယ်။

အခု အစိုးရတပ်တွေ တိုးချ လာတဲ့ နေရာဟာ အက်စ်အက်စ်အေ တပ်တွေ သွားလာတဲ့ လမ်းကြောင်းနေရာ ဖြစ်ပြီး အဲဒါကို ဖြတ်တောက် လိုတဲ့ သဘောဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ