ပညာရေး ဥပဒေ တချို့အချက်တွေ NNER လက်မခံ

  • 20 ဩဂုတ် 2014
NNER ဓာတ်ပုံ မူပိုင် nner
Image caption NNER

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီး သမ္မတဆီကို ပေးပို့ ထားတဲ့ အမျိုးသား ပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက် တချို့ကို ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က ကန့်ကွက်စာ ထုတ်ပြန်လိုက် ပါတယ်။

အမျိုးသား ပညာရေး ဥပဒေမှာ ပါတဲ့ အချက်တွေထဲမှာ ဒီမိုကရေစီ မကျတာ၊ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်တာ၊ ပညာရေး လွတ်လပ်ခွင့်ကို ထိခိုက်တာတွေ ဖြစ်နေတယ်လို့ NNER ရဲ့ ကြေညာချက် ထဲမှာ ထောက်ပြထား ပါတယ်။

ဒီမိုကရေစီ မကျတဲ့ အချက်တွေအနေနဲ့ အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့ရမယ် ဆိုတဲ့ ကိစ္စဟာ ပညာရှင်တွေကို အထက်ကနေ ထိန်းချုပ်ဖို့ ဖြစ်ပြီး တက္ကသိုလ်များ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဖွဲ့ဖို့ ဆိုတာလည်း မလိုအပ်ဘူးလို့ NNER တာဝန်ခံ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ဒါ့အပြင် NNER က ထောက်ပြတဲ့ အချက် ၉ ချက်ထဲမှာ တိုင်းရင်းသား ကလေးငယ်တွေ ပညာသင်ကြားခွင့် နစ်နာရတဲ့ အကြောင်းလည်း ပါဝင်ပါတယ်။

NNER အနေနဲ့ တိုင်းရင်းသား ကလေးငယ်တွေကို သူတို့ ကျွမ်းကျင်တဲ့ ဘာသာ၊ ဗမာဘာသာနဲ့ အင်္ဂလိပ် ဘာသာ တို့ကို သင်ကြားပေးဖို့ NNER က တိုက်တွန်း ထားခဲ့တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

တိုင်းရင်းသား ဒေသက ကလေးငယ်တွေဟာ သူတို့ကျွမ်းကျင်တဲ့ ဘာသာ စကားနဲ့ ကျောင်းမှာ စာမသင်ရရင် နားမလည်ရာကနေ ကျောင်းနေ မပျော်တဲ့ အထိ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

မသန်စွမ်းတဲ့ ကလေးတွေကို ပညာသင်ကြားရာမှာလည်း သူတို့ကို သီးခြားခွဲမထားဘဲ တခြား ကလေးတွေနဲ့ အတူ ပူးတွဲ သင်လို့ ရမယ့် ဘာသာ တွေကို အတူ သင်ပေးသင့်တယ်၊ အဲဒီလို မဟုတ်ရင် ခွဲခြား ဆက်ဆံရာကျတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ပြီးခဲ့တဲ့ လကုန်က ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတဆီကို ပေးပို့ထားတာ ဖြစ်ပါတယ်။