သမ္မတကို ဆန္ဒပြတဲ့ သတင်း သမားတွေ အမှုက ကင်းလွတ်

Journalists are protesting outside Myanmar Peace Centre
Image caption သတင်းထောက် ၅၀ နီးပါး သတင်းမယူဘဲ ဆန္ဒပြခဲ့

ပြီးခဲ့တဲ့လက သမ္မတ ဦးသိန်းစိန်ကို ခွင့်ပြုမိန့် မပါဘဲ ဆန္ဒပြတယ် ဆိုပြီး ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ထားတဲ့ သတင်းထောက် ၅၀ နီးပါးကို ကမာရွတ် ရဲစခန်းက အမှု လုံးဝ ပိတ်သိမ်းလိုက် ပါတယ်။

သတင်းထောက်တွေက ဇူလိုင် ၁၂ ရက်က ကမာရွတ်မြို့နယ် မှာရှိတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာရှေ့မှာ မီဒီယာအပေါ် ဖိနှပ်မှုတွေ ရပ်တန့်ပေးဖို့ အသံတိတ် ဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

အမှု ပိတ်သိမ်းမှုနဲ့ ပတ်သက်လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက အတည်ပြုပြောဆိုပေမဲ့ ဘာကြောင့် ပယ်ဖျက်လိုက်တယ် ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

အမှုဖွင့် ခံရတဲ့ သတင်းသမားတွေ ထဲမှာပါတဲ့ ဒို့လယ်သမား ဂျာနယ်ရဲ့ အမှုဆောင် အယ်ဒီတာ မအိမွန်ကျော် ကတော့သူ့ကို ရဲစခန်းက လှမ်းပြောလို့ အမှု ပိတ်ကြောင်း သိရပြီး ဘာကြောင့်လဲ ဆိုတာ မပြော ဘူးလို့ ဆိုပါတယ်။

တရားဥပဒေ အရ အပြစ်ရှိရင် ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ သူတို့ကို ဘာကြောင့် အမှု စွဲတယ်ဆိုတာလည်း မသိဘူးလို့ သူက ပြောပါတယ်။

သတင်းထောက် ၅၀ လောက်ကို တပြိုင်တည်း တရားစွဲမယ် ဆိုရင်တော့ ဒါဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်သွားမှာပဲလို့ လည်း မအိမွန်ကျော်က ပြောပါတယ်။

ယူနတီဂျာနယ်က သတင်းသမား ၅ယောက်ကို ပခုက္ကူ ခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့တဲ့ အတွက် သတင်းသမားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ကို ချမှတ် လိုက်တဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်လွန်းပြီး မီဒီယာသမား အားလုံးကို ခြောက်လှန့်လိုက်တာလို့ သတင်း မီဒီယာသမားတွေက ယူဆပြီး သမ္မတ ဦးသိန်းစိန်က အနုပညာရှင်တွေကို မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ နေတုန်း မီဒီယာဖိနှိပ်မှု ချက်ခြင်းရပ် ဆိုတဲ့ တီရှပ်တွေ ဝတ်ထားတဲ့ သတင်း သမားတွေက သတင်း မယူကြဘဲ ပါးစပ်တွေကို အမဲရောင် တိတ်တွေနဲ့ ပိတ်ပြီး အသံတိတ် ဆန္ဒ ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ