ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်း ပြန်စ

  • 21 ဩဂုတ် 2014
Muslims in Rakhine ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်တွင်း အစ္စလာမ်ဘာသာဝင် ၁၀ သိန်းကျော် ရှိ

ရခိုင်ပြည်နယ်တွင်းက အစ္စလာမ်ဘာသာဝင်တွေအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ပြန်ပြီး လုပ်ဆောင်နေပြီလို့ မြန်မာအစိုးရက ပြောပါတယ်။

ဒီလို နိုင်ငံသားစိစစ်တဲ့ ကိစ္စကို အစိုးရကနေ ပြီးခဲ့တဲ့နှစ်ကတည်းက လုပ်ဆောင်ခဲ့ပေမယ့် နေရာအများစုမှာတော့ အစစ်မခံခဲ့လို့ ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ မြေပုံမြို့နယ်မှ သြဂုတ်လ ၅ ရက်ကစပြီး လူ ၁၀၉၄ ဦးကို စိစစ်နေပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ လူ ၃၀၀ ကျော်ကို မြို့နယ်အဆင့်ကနေ စိစစ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

အခုလို ပြန်စိစစ်နိုင်တာဟာ နိုင်ငံသားစိစစ်ဖို့ လျှောက်ထားသူတွေ ကိုယ်တိုင်က သူတို့ဟာ ဘင်္ဂါလီလူမျိုး ဖြစ်တယ်ဆိုတာ လက်ခံတဲ့အတွက် စိစစ်ပေးတာ ဖြစ်တဲ့အကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

ဒါပေမယ့် အစိုးရက အသိအမှတ်ပြုမထားတဲ့ လူမျိုးနာမည်သုံးဖို့ ပြောနေတဲ့ နေရာတွေမှာတော့ စိစစ်ပေးလို့ မရနိုင်သေးကြောင်း သူက ပြောပါတယ်။ အစိုးရက အသိအမှတ်ပြုမထားတဲ့ နာမည်ဆိုတာ ရိုဟင်ဂျာကို ဆိုလိုတာ ဖြစ်ပါတယ်။

အခု စိစစ်ပြီးသလောက်အနေအထားအရ အများစုက နိုင်ငံသားပြုခွင့်ရသူတွေ ဖြစ်နိုင်တယ်လို့ ဦးမောင်မောင်သန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ အစ္စလာမ်ဘာသာဝင် ၁၀ သိန်းကျော်ရှိပြီး အများစုက နိုင်ငံသားစိစစ်ဖို့ ကျန်နေသေးတယ်လို့ သူက ဆိုပါတယ်။