DFID က မြန်မာကို ပိုမိုကူညီ

  • 22 ဩဂုတ် 2014
census myanmar ဓာတ်ပုံ မူပိုင် others
Image caption သန်းခေါင်စာရင်း ကောက်ယူမှုမှာ DFID ကူညီ

မြန်မာနိုင်ငံ မှာ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (DFID) က ကူညီထောက်ပံ့ မှုတွေ ပေးလာတာ ၁ဝ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။

စစချင်းနှစ် တွေတုန်းက မြန်မာနိုင်ငံ အတွက် ဗြိတိန် ပေါင်ငွေ ၁ဝ သန်းကျော် သုံးစွဲခဲ့ပေမယ့် အစိုးရ ပိုမို ပွင့်လင်း လာတဲ့ ၂၀၁၁ ခုနှစ် ကစလို့ ကူညီမှုတွေ ပိုပေးလာပါတယ်။

ဒီနှစ်မှာဆိုရင် ကူညီ ထောက်ပံ့မှု ပမာဏ ပေါင် စတာလင် ၆၄ သန်းအထိ ရှိနေတာပါ။

အရင်က ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေ ကို အဓိက ထောက်ပံ့ ကူညီ ခဲ့တဲ့ DFID ဟာ ခုတော့ နိုင်ငံတွင်း ဒီမိုကရေစီ ပြောင်းလဲရေး ၊ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ မဲဆန္ဒရှင် တွေကို ပညာပေး မှုတွေ အပြင် ပြီးခဲ့တဲ့ သန်းခေါင် စာရင်း ကောက်ယူမှု မှာလည်း ငွေရေး ကြေးရေး နဲ့ နည်းပညာပိုင်း ကူညီခဲ့ပါတယ်။

လူမျိုးစု အချို့က စိုးရိမ်ခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူ မှုမှာ DFID ကူညီမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ DFID အကြီးအကဲ Gavin McGillivry က ကာကွယ် ပြောသွားပါတယ်။ ကချင် နဲ့ ရခိုင် ဒေသတွေက လွဲရင် အချက်အလက် ကောက်ယူတဲ့ အပိုင်းမှာ အောင်မြင်ခဲ့တယ် ဆိုတာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင် တွေ ကလည်း သုံးသပ် ပါတယ်။ တချို့ သူတို့ လူမျိုး လက္ခဏာ ကို ဖော်ပြလို့ မရတဲ့ အချက် ကိုတော့ ဗြိတိန် အစိုးရ အနေနဲ့ စိတ်ပျက် ခဲ့ရပါတယ်လို့ McGillivry က ပြောပါတယ်။

ဒါပေမဲ့ မြန်မာ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ရာမှာ လုပ်ငန်းပိုင်း ဆိုင်ရာ ကြန့်ကြာ မှုတွေ နဲ့ မူဝါဒပိုင်း စိန်ခေါ်မှုတွေ ကိုတော့ ရင်ဆိုင်နေရဆဲ လို့ McGillivry က ပြောပါတယ်။

အခုလို ပြည်တွင်းမှာ နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့တွေရဲ့ အကူအညီတွေ တိုးရ လာခဲ့ပေမယ့် လက်တွေ့မှာ ထိရောက်မှု က နည်းလွန်းတယ် လို့ ဒီလုပ်ငန်းတွေ အပေါ် လေ့လာမှုတွေ လုပ်နေတဲ့ ဒေါက်တာ ရန်မျိုးသိမ်းက ဆိုပါတယ်။ DFID ဟာ လာမယ့်နှစ်မှာ လည်း ပေါင်စတာလင် ၈၂ သန်း အထိ မြန်မာပြည်ကို တိုးမြှင့် ထောက်ပံ့ ပေးဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ