ထိုင်းမြန်မာနယ်စပ်မှာ တံတားသစ် ဆောက်မယ်

  • 23 ဩဂုတ် 2014
U Win Tint
Image caption ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဝင်းတင့်

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက မြ၀တီနဲ့ ထိုင်းဘက်က မဲဆောက်မြို့ကို နှစ်နိုင်ငံနယ်နိမိတ်အဖြစ် စီးခြားထားတဲ့ သောင်ရင်းမြစ်ကို ဖြတ်ကျော်တဲ့ ချစ်ကြည်ရေးတံတားသစ် တစ်စင်းကို မကြာခင်မှာ တည်ဆောက်ဖို့ ရှိပါတယ်။

အဲဒီအတွက် တံတားပုံစံ နောက်ဆုံး ညှိနှိုင်းဆွေးနွေးပွဲကို သောကြာနေ့က မဲဆောက်မြို့မှာ နှစ်နိုင်ငံတာ၀န်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ချစ်ကြည်ရေး တံတား အမှတ် ၂ ကို ဆောက်လုပ်ဖို့အတွက် အခုအဆင့်အထိရောက်အောင် နှစ်နိုင်ငံကြားမှာ ၂ နှစ်ကျော်ကြာ ညှိနှိုင်းခဲ့ကြရတာ ဖြစ်ပါတယ်။

အဲဒါက ထိုင်းနဲ့မြန်မာနှစ်ဖက်စလုံးမှာ အင်ဂျင်နီယာပညာရပ်အရကော စီးပွားရေးအရအပြင် သဘာ၀ပတ်ဝန်းကျင်မထိခိုက်ရအောင် အသင့်တော်ဆုံးနေရာကို ရှာဖွေညှိနှိုင်းရတာကြောင့် ဖြစ်တယ်လို့ ထိုင်းဖက် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ကစေမ်း ဆရီဝါရာနန်က ပြောပါတယ်။

ဒီတံတားဟာ East West Economic Corridor (အရှေ့အနောက် စီးပွားရေး စင်္ကြန်လမ်းမကြီး)ရဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့အတွက် မြန်မာနိုင်ငံကနေ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်သလို ဒီလမ်းကြောင်းတလျောက်က ဒေသခံတွေကိုပါ အကျိုးရှိမှာဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်လာတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့်က ပြောပါတယ်။

ချစ်ကြည်ရေး တံတားအ မှတ် ၂ ကို ၂ နှစ်အတွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။ တံတားအရှည်ဟာမီ တာ ၁၂၀ ရှိပြီးတော့ နှစ်ဖက် ချဉ်းကပ်တံတားတွေပါ ထည့်တွက်ရင် မီတာ ၂၇၀ ရှည်မှာ ဖြစ်ပါတယ်။

ဒီတံတားကို ထိုင်းနိုင်ငံဖက်က အကုန်ကျခံ တည်ဆောက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။