မူးယစ် Ecstasy ဆေးပြား ၂ သန်းကျော် စံချိန်တင်ဖမ်းမိ

  • 24 ဩဂုတ် 2014
Ecstasy ဓာတ်ပုံ မူပိုင် DEA
Image caption မူးယစ်စိတ်ကြွေစေတဲ့ Ecstasy ဆေးပြား

မူးယစ်ဆေးတမျိုးဖြစ်သည့် Ecstasy ဆေးပြား အများအပြားတင်ဆောင်လာတဲ့ သင်္ဘောတစီး ကို မြန်မာရေတပ် က ဖမ်းဆီးရမိခဲ့ပါတယ်။

ကော့သောင်းမြို့ရဲ့အနောက်မြောက်ဖက် မိုင် ၁၈၀ ကျော်အကွာ ပင်လယ်ပြင် တနေရာမှာ မှောင်ခိုသစ်တွေ နဲ့အတူရောတင်လာတဲ့ Ecstasy ဆေးပြားပေါင်း ၂ သန်း ၄သိန်း နီးပါးခန့်ကို သင်္ဘောတစင်း ကို ရေတပ်က သြဂုတ်လ ၁၉ ရက်နေ့က ရှာဖွေစဉ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒီဆေးပြားတွေ စုစုပေါင်းတန်ဘိုးဟာ ကျပ်သန်းပေါင်း ၁သိန်း ၆သောင်းကျော် တန်ဘိုးရှိသလို အခုလို Ecstasy ဆေးပြား ဖမ်းဆီးရရှိမှု ဟာ ဒီတကြိမ်အများဆုံးဖမ်းဆီး ရမိတာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

သင်္ဘောပေါ်မှာ ပါလာတဲ့မြန်မာအမျိုးသား ၁၅ ယောက်ကိုလည်း ဖမ်းဆီး စစ်ဆေးနေတယ်လို့ လည်းသိရပါတယ်။

မြန်မာပြည်အတွင်းမှာ ထုတ်လုပ် ပြီး အပြင်ကိုသယ်ယူစဉ်မှာ ဖမ်းမိတာလား၊ ဒါမှမဟုတ် မြန်မာပြည်ကိုဖြတ်ပြီးသယ်ယူစဉ်မှာမိတာလားဆိုတာကိုတော့ စစ်ဆေးဆဲဖြစ်ပါတယ်။

ထိုင်းနယ်စပ် ဘက်က ထွက်လာတာလို့ သံသယ ရှိနေပြီး လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်ခြင်းရှိမရှိ မေးမြန်းချက်ကိုလည်း ရဲမှူးကြီး က စစ်ဆေးဆဲဖြစ်ကြောင်း ဖြေကြားပါတယ်။

Ecstasy ဆေးပြားတွေထုတ်လုပ်တာဟာ ယာမားထက် ပိုခက်ခဲတဲ့အတွက် အရင်က တော့ ထုတ်လုပ်တဲ့ စက်ရုံတွေ ဖမ်းမိတာမျိုး မရှိသေးကြောင်းလည်း သူ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို မူးယစ်ဆေးဝါးတွေ ကို ရဲနဲ့ စစ်တပ် ပေါင်းကာ နှိမ်နင်းနေပေမယ့်လည်း ထုတ်လုပ်တာ သုံးစွဲတာတွေ က မြင့်တက်လာဆဲ ပဲရှိနေပါတယ်။