ဖားကန့် ရပ်ကွက်တချို့ ရွှံ့ရေတွေထဲ မြုပ်

  • 24 ဩဂုတ် 2014
_phakant_kachi
Image caption ဖားကန့် တည်ရှိရာ မြေပုံ

ကချင်ပြည်နယ် က ကျောက်စိမ်း မိုင်းတွင်းတွေ ရှိရာ ဖားကန့်ဒေသ နဲ့ ဖားကန့် မြို့ပေါ် မှာ၊ ချောင်းရေတွေ လျှံလို့ ငှက်ပျောတော၊ အေးမြသာယာ နဲ့ မြို့မ စတဲ့ ရပ်ကွက်ကြီး ၃ခု ရေမြုပ်နေ ပြီး၊ ဘုန်းကြီးကျောင်း နဲ့ ဓမ္မရုံလို နေရာတွေမှာ ရေဘေးလွတ်ရာ ရှောင်တိမ်း နေရသူတွေ နဲ့ ပြည့်နေတယ် လို့ သိရပါ တယ်။

ရေမြုပ်နေ တဲ့ ရပ်ကွက်တွေ မှာ ရေနဲ့အတူ ပါလာတဲ့ မြေစာတွေကြောင့် တမြို့လုံး ရွှံ့ရောင် လွှမ်း နေတယ် လို့ ဒေသခံတွေ က ပြောပါတယ်။

အခုလို ရွှံ့ရေတွေ ကြီးနေမှု ကြောင့်၊ လူ အသေ အပျောက် မရှိ သေးပေ မယ့်၊ ပစ္စည်း ဥစ္စာတွေ ပျက်စီး ဆုံးရှုံးမှု ရှိကြောင်း သိရပါ တယ်။

အာဏာပိုင်တွေ ဘက်ကတော့ ရေဘေး ဒုက္ခသည် စခန်းရယ် လို့ သတ်သတ်မှတ်မှတ် ဖွင့်ပေးထားတာ၊ ကူညီနေတာ မရှိပဲ၊ ရေဘေး ဒုက္ခသည်တွေ ဟာ နီးစပ်ရာ သာသနိက အဆောက်အဦတွေ နဲ့၊ ဆွေမျိုး မိတ်ဆွေတွေ ဆီမှာ ခိုလှုံနေရကြောင်း၊ လူမှု အဖွဲ့အစည်း တချို့က ထမင်းထုပ်တွေ ဝေတာမျိုး ရှိကြောင်း ဒေသခံ တချို့ က ပြောပြပါ တယ်။

ဖားကန့်မှာ ချောင်းရေ လျှံပြီးရေကြီးတာ နှစ်စဉ် မိုးရာသီတိုင်း ဖြစ်တတ်ပေ မယ့်၊ အခုရက်ပိုင်း မိုးသည်းနေတာ မှာ ဥရုချောင်း အပါအဝင် ဖားကန့် အနီးဝန်းကျင် က ချောင်းရေတွေ လျှံတာကြောင့်၊ ခါတိုင်းထက် ဆိုးဆိုးရွားရွား ရေမြုပ် ကုန်တာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါ့အပြင်၊ ကျောက်စိမ်း တူးဖေါ်ရေး လုပ်ငန်းတွေ ကနေ စည်းကမ်းမဲ့ စွန့်ပြစ် ထားတဲ့ မြေစာပုံ တွေကြောင့်၊ ၂၀ဝ၅ ခုနှစ် နောက်ပိုင်း ရေကြီးမှုတွေ မှာ နေအိမ်တွေ ရွှံ့ထဲ နစ်မြုပ်ပြီး၊ ရေကျ သွားရင် ဒီရွံ့တွေ ကုန်ဖို့ ၊ အချိန် အတော်ယူ ရှင်းရတယ် လို့ ဒေသခံတွေ က ပြောကြပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ