UNFC ရဲ့ ပထမဆုံး ကွန်ကရက်စ် စတင်

  • 25 ဩဂုတ် 2014
_chaingmai_unfc_parties_ ဓာတ်ပုံ မူပိုင် nyo ohn myint
Image caption UNFC အဖွဲ့ဝင် တချို့ကို ယခင် တွေ့ခဲ့ရစဉ်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ ပထမဆုံး ကွန်ကရက် ညီလာခံကို ထိုင်းနိုင်ငံမှာ ဩဂုတ် ၂၅ ရက်နေ့ က စတင် ကျင်းပ ပါတယ်။

UNFC မှာ ပါဝင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့လုံး အပါအဝင်၊ ဆက်စပ် အဖွဲ့အစည်း ၅ ဖွဲ့လုံး တက်ရောက် လာကြောင်း၊ UNFC ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုပါတယ်။

ညီလာခံ ပထမနေ့ မှာတော့ အဖွဲ့အတွင်း ညီညွတ်မှု အားကောင်းရေး နဲ့ မူဝါဒတွေကို ပိုမို ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရေး တို့နဲ့ စပ်လျှင်းပြီး ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။

ညီလာခံဟာ ၄ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး၊ နောက်ပိုင်း ရက်တွေမှာ ခေါင်းဆောင် အသစ် ပြန်လည် ရွေးချယ် တင်မြှောက် ကြမယ့် အစီအစဉ်လည်း ရှိပါတယ်။

UNFC အနေနဲ့၊ ပြည်တွင်း ငြိမ်းချမ်းရေး အပစ်ရပ်ရေး ကိစ္စတွေမှာ အစိုးရ နဲ့ အကြား တွေ့ဆုံ ဆွေးနွေး အဖြေရှာ ဖို့ရာ၊ တနိုင်ငံလုံး အပစ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT ကိုလည်း ဖွဲ့စည်း ထားတာ ဖြစ်ပြီး၊ NCCT အနေနဲ့ လုပ်ဆောင်နေ တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ဝေဖန် သုံးသပ်မှု တချို့လည်း ရှိနေတယ် လို့ သိရပါတယ်။

ဗိုလ်မှုးကြီး ခွန်ဥက္ကာ ကတော့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုံစုံညီညီ တက်ရောက် လာကြတဲ့ ဒီ ကွန်ကရက် ရဲ့ စုစည်း ညီညွတ်မှု ကနေ၊ တိုင်းရင်းသား အားလုံးရဲ့ အနာဂတ် အရေး အလားအလာ ကောင်းဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ