အိမ်ခြံမြေ အရောင်းအဝယ် သိန်းတစ်ထောင် ကျော်ရင် အကြောင်းကြားရမယ်

  • 26 ဩဂုတ် 2014
Burmese Kyats
Image caption အိမ်ခြံမြေ စျေးကွက်မှာ ငွေမည်းတွေ စီးဝင် နေတယ်လို့ဆို

ငွေကြေး ခဝါ ချမှု တွေကို တိုက်ဖျက်ဖို့ မြန်မာ အစိုးရက ဆောင်ရွက် နေရာမှာ ကျပ်ငွေ သိန်း ၁၀၀၀ ထက်ကျော်လွန် တဲ့အိမ်ခြံမြေ ရောင်းဝယ်မှု ရှိရင် ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ FIU ကို သတင်းပို့ ရမယ်လို့ ယာယီသတ်မှတ် ထားပြီး နည်း ဥပဒေ တစ်ရပ် ပေါ်ပေါက်အောင် စီစဉ် နေပါတယ်။

ဒါပေ့မဲ့ တကယ်တန်း တရားဝင် သတ်မှတ်မယ့် ပမာဏ ကိုတော့ လာမယ့် အောက်တိုဘာ လကုန်မှ ထုတ်ပြန်မယ့် နည်းဥပဒေမှာ ပါလာမှာ ဖြစ်ပြီး အများ သိအောင်လည်း ထုတ်ပြန်ပေးမယ်လို့ ငွေ ကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောပါတယ်။

သိန်း တစ်ထောင် ဆိုတာက လောလောဆယ် သတ်မှတ်ချက် ဖြစ်ပြီး အဲဒီ ပမာဏနဲ့ အထက်ကို ရောင်းဝယ်ရုံနဲ့ ငွေကြေး ခဝါချတယ်လို့ သတ်မှတ် ဆိုလိုတာ မဟုတ်ဘဲ ဂရုတစိုက် စစ်ဆေး ဆောင်ရွက် သွားမယ်လို့ ဆိုလိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သိန်း တစ်ထောင် နဲ့ အထက် အရောင်းအဝယ် ဖြစ်တဲ့ အခါ ပါဝင် ဆောင်ရွက်ပေးတဲ့ ရှေ့နေတွေ၊ ပိုင်ဆိုင်မှု နာမည်ပြောင်း ကိစ္စ လုပ်ဆောင်ပေးရတဲ့ ကြေးတိုင်နဲ့ မြေစာရင်း ဌာနတို့က FIUကို အကြောင်းကြားရမှာ ဖြစ်တဲ့ အပြင် သံသယ ဖြစ်ဖွယ် ရှိရင်လည်း အကြောင်းကြားဖို့ လိုတယ်လို့ ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောပါတယ်။

ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ FIU ကို သတင်းပို့ရမယ်လို့ ယာယီ သတ်မှတ် ထားတဲ့ ပမာဏ ကျပ်သိန်း တစ်ထောင်နဲ့ အထက် ဆိုတာက ရန်ကုန်နဲ့ မန္တလေးက မြို့ဆင်ခြေဖုံး လောက်မှာ ရောင်းဝယ်နေတဲ့ဈေး ဖြစ်ပါတယ်။

အိမ်ခြံမြေရောင်း ဝယ် သူတွေ ဘက်က တကယ်တန်း သတင်းပို့ဖို့ရာ အစိုးရ ဘက်က လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ပြည်သူတွေ အားလုံးသိရှိအောင် ချပြဖို့ လိုတယ်လို့ မြန်မာနိုင်ငံ အိမ် ခြံ မြေ ဝန်ဆောင်မှု အသင်း အတွင်းရေးမှူးဒေါ်မို့မို့အောင်က ပြောပါတယ်။

သတင်းပို့ ဖို့ပျက်ကွက်မှုတွေ ရှိရင် အုပ်ချုပ်ရေး အာဏာနဲ့ အဆင့်အလိုက် အရေး ယူနိုင်ပြီး ထောင်ဆယ်နှစ် အထိ ချနိုင်တယ်လို့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေ တွေကို ထုတ်ပြန်နိုင်မှု မရှိသေးပေမဲ့ လက်ရှိ စုံစမ်းနေ တဲ့ အမှုတွေကို တရားမဝင် နည်းလမ်း နဲ့ရတဲ့ ငွေကြေး နဲ့ပစ္စည်းတွေကို ထိန်းချုပ်ရေး ဥပဒေနဲ့ အရေးယူလို့ ရနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ