၅ ထောင်တန် ငွေစက္ကူ အတုတွေမိ

  • 26 ဩဂုတ် 2014
farmer myanmar
Image caption ကျေးလက် လယ်သမား တွေဆီမှာ ငွေတုတွေနဲ့ ဝယ်

၅ ထောင်တန် ငွေ အတု သုံးသူ တရားခံ တဦး ကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ပြီး နောက်ထပ် တရားခံ ၂ ဦး ကို ဖမ်းဆီး နိုင်ရေး အတွက် ဆက်လက် စုံစမ်းနေ ပါတယ်။

၅ ထောင်တန် ငွေစက္ကူ အတုနဲ့ နွားလိုက်ဝယ်သူ တယောက်ကို ဖမ်းဆီး ရမိလို့ ပြီးခဲ့တဲ့ ရက်ကပဲ ရွှေတောင် မြို့မ ရဲစခန်း မှာ အမှုဖွင့် လိုက်ပြီလို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး က ရဲအရာရှိ က ရှင်းပြပါတယ် ။

နောက်ထပ် တရားခံ ၂ ဦး က ရန်ကုန်မြို့က ဖြစ်ပြီး အခု ဖမ်းမိထားတဲ့သူ ကို ငွေတုတွေ ပေးခဲ့သူတွေ ဖြစ်တယ် လို့ ဆိုပါတယ် ။

၅ ထောင်တန် ငွေတု အမှုက အခု နှစ်ဆန်းပိုင်းက ဖြစ်ခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ကွင်းဆက်လိုက်ရင်း အခုမှပဲ တရားခံလို့ စွပ်စွဲ ခံရသူ တဦးကို ဖမ်းဆီး မိတာ ဖြစ်ပါတယ် ။

နောက်ထပ် ၂ ဦးကို ဖမ်းဆီးနိုင်ရေး အတွက် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း နေတုန်း လို့ ရဲအရာရှိက ပြောပါတယ်။

ကျပ်ငွေ ၅ ထောင်တန် ငွေစက္ကူ အတု တွေကို မနှစ်က လည်း မြစ်ကြီးနား နဲ့ ကချင် ပြည်နယ် က မြို့တချို့မှာ ဖမ်းဆီး မိခဲ့ပြီး အဲ့ဒီတုန်း ကတော့ မြန်မာ-တရုတ် နယ်စပ်က သယ်လာတဲ့ ငွေအတုတွေ လို့ ရဲက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ