ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က ထွက်ပြေးသူ ပိုများလာ

  • 27 ဩဂုတ် 2014
Rohingya refugees ဓာတ်ပုံ မူပိုင် Reuters
Image caption လှေစီးထွက်ပြေးကြသူများ

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကနေ ဒေသတွင်းနိုင်ငံတွေဆီကို ထွက်ပြေးလာကြသူတွေ သိသိသာသာ များလာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြလိုက်ပါတယ်။

အရှေ့တောင်အာရှက ပုံမှန်မဟုတ်တဲ့ ပင်လယ်ရေကြောင်း ရွှေ့ပြောင်းသွားလာမှုတွေအကြောင်း UNHCR ရဲ့ အစီရင်ခံစာထဲမှာ အဲဒီလို ဖော်ပြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူ ၈၇၀၀၀ လောက် ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။

ဒီနှစ် ပထမ ၆ လအတွင်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကနေ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထိုင်း-မလေးရှားဘက်ကို ထွက်ပြေးလာသူ ၂ သောင်းလောက် ရှိတယ်လို့ ခန့်မှန်းရကြောင်း ဘန်ကောက်မှာရှိတဲ့ UNHCR ဒေသတွင်းရုံးရဲ့ ပြောခွင့််ရပုဂ္ဂိုလ် မစ္စ ဗီဗီယန် တန်က ပြောပါတယ်။

ထွက်ပြေးလာသူ အများစုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဖြစ်ပြီးတော့ စစ်တွေဘက်က လာတဲ့သူ တချို့လည်း ရှိတယ်၊ နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတချို့လည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

ထွက်ပြေးလာတဲ့ အကြောင်းရင်းကို မစ္စ ဗီဗီယန် တန်က ပြောရာမှာ 'ကျွန်မတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေအရ၊ ဥပမာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မလေးရှား ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို မေးကြည့်တော့ အကြောင်းရင်းတချို့ကို တွေ့ရပါတယ်။ အဓိကကတော့ သူတို့ကို ဖိနှိပ်ကန့်သတ်မှုတွေ ရှိတဲ့အတွက်လို့ ပြောပါတယ်။ သူတို့ဟာ ဒီအခက်အခဲတွေကြောင့် အရင်နှစ်အတော်ကြာကတည်းက ထွက်ပြေးဖို့ ပြင်ဆင်ထား ကြတာလို့ ပြောပါတယ်။ ပဋိပက္ခတွေနောက်ပိုင်း သွားလာခွင့်တွေ ပိုကန့်သတ်ခံရပြီး လုပ်ကိုင်စားသောက်ဖို့ စိုက်ပျိုးမြေယာတွေလည်း မရှိတော့တဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေကြောင့်လည်း ထွက်ပြေးလာကြတာ ဖြစ်ပါတယ်' လို့ ပြောပါတယ်။

တရားမဝင် ခိုးဝင်လာမှုနဲ့ ဒီနှစ်အတွင်း ထိုင်းဘက်မှာ ဖမ်းမိတာ ၂၀၀ ကျော်လောက်ရှိပြီး မလေးရှားမှာ ဆိုရင်တော့ လူ ၄၀၀၀ လောက် UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားကြတယ်၊ ကျန်တဲ့ အများစုကတော့ လူကုန်ကူးသူတွေလဲ လက်ထဲမှာပဲ ဒုက္ခရောက်နေကြတယ်လို့ ယူဆရကြောင်း မစ္စ ဗီဗီယန် တန်က ပြောပါတယ်။