ရန်ကုန် စည်ပင် ရွေးကောက်ပုံ စနစ် ဖျက်ဖို့ တောင်းဆို

  • 27 ဩဂုတ် 2014
YCDC Logo ဓာတ်ပုံ မူပိုင် YCDC Website
Image caption ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီ ( YCDC website)

ရန်ကုန် စည်ပင် သာယာရေး ကော်မတီကို ရွေးချယ် တာဝန်ပေးတဲ့ စနစ်ဟာ ပြည်သူက ရွေးချယ်တဲ့ စနစ် မဟုတ်တဲ့ အတွက် ဖျက်သိမ်းပေးပါလို့ ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် အမတ် တစ်ယောက်က တောင်းဆိုလိုက် ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးချယ် တင်မြှောက်တဲ့ နည်းဥဒေကို ပြင်ဆင်ဖို့ တိုင်းလွှတ်တော်မှာ သြဂူတ်လ ၂၆ ရက် အင်္ဂါနေ့က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပြီး လာမယ့် ဩဂုတ်လ ၂၉ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ ထပ်မံ ဆွေးနွေးဖို့ ရှိပါတယ်။

စည်ပင်သာယာရေး ကော်မတီဝင်တွေကို ရွေးချယ်ရေး ဆိုင်ရာ နည်း ဥပဒေ တွေဟာ မဲဆန္ဒရှင်တိုင်းရဲ့ ဆန္ဒသဘော အရ မဲပေး တင်မြှောက်ခွင့် မရှိဘဲ မဲဆန္ဒရှင် ၂၀၀ မှာ သုံးယောက်ကသာ ဆန္ဒမဲပေး ရွေးချယ်နိုင်ပြီး အဲဒီ သုံးယောက်ကိုလည်း မြို့နယ် စိစစ် ရွေးချယ်ရေး အဖွဲ့ကသာ ရွေးမှာ ဖြစ်တယ်လို့ ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

ဒါကြောင့် စည်ပင်သာယာရေး ကော်မတီမှာ လူထု ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ မပါအောင် တားဆီးထားရာ ကျတယ်၊ အစိုးရ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေသာ ပါနိုင်အောင် အကွက်ကျကျ စီမံထားတာလို့ သူက ပြောပါတယ်။

ဒီအဆိုကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ဆွေးနွေးတဲ့ အခါ အောင်မြင်ဖို့ အလားအလာ ကတော့ သိပ် မသေချာဘူးလို့ ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

အတိုက်အခံတွေက တင်တဲ့ အဆိုတွေဟာ ရှုံးလေ့ ရှိတဲ့ အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၃ ခုနှစ်က ပြဌာန်းထားတဲ့ စည်ပင် ဥပဒေအရ စည်ပင် ကော်မတီ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေတွေကို ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့ ပြီးတဲ့နောက် ခရိုင် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်တွေ ဖွဲ့စည်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ