PR ကို လက်မခံတဲ့ လှုပ်ရှားမှု စတင်

  • 28 ဩဂုတ် 2014
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption PR စနစ်ကို အမျိုးသား လွှတ်တော်က အတည်ပြု ခဲ့ပြီးဖြစ်

ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က ဦးဆောင်တဲ့ PR အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ် ဆန့်ကျင်ရေး လက်မှတ်ရေး ထိုးလှုပ်ရှားမှုကို သြဂုတ်လ ၂၈ ရက်နေ့က တောင်ဥက္ကလာပ မှာ စတင်ခဲ့ ပါတယ်။

PR စနစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်တယ်၊ ဒီစနစ် ကျင့်သုံးရင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲသွားနိုင်တဲ့ အပြင် ပြည်သူ လူထုနဲ့ ကိုယ်စားလှယ် တိုက်ရိုက် ထိတွေ့ခွင့် မရှိတာကြောင့် ဆန့်ကျင်တာ ဖြစ်တယ်လို့ ဒီလက်မှတ်ထိုး လှုပ်ရှားမှု လုပ်ဆောင်တဲ့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်ရဲ့ အလုပ် အမှုဆောင် ကော်မတီဝင် ကိုမြတ်ကျော်က ပြောပါတယ်။

လက်မှတ် ကောက်ခံတဲ့ လှုပ်ရှားမှုကို အရပ်ဘက် အဖွဲ့ အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မြို့နယ် အသီးသီးမှာ ကောက်ခံသွားမယ်လို့လည်း သူက ပြောပါတယ်။

PR စနစ်နဲ့ ပတ်သက်လို့ ရှင်းပြထားတဲ့ လက်ကမ်း စာစောင်တွေကို ပြည်သူတွေ သိအောင် ဝေငှသွားပြီး လက်မှတ်တွေကိုလည်း စုဆောင်း ကောက်ခံသွားမယ်လို့ ကိုမြတ်ကျော်က ပြောပါတယ်။

လက်မှတ်ကောက်ခံမှုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ် အားလုံးမှာ စက်တင်ဘာ ၁၀ ရက်နေ့ထိ လက်မှတ်တွေ ကောက်ယူ သွားမယ်လို့လည်း ဆိုပါတယ်။

သူတို့ ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ကို တင်သွားမယ်လို့လည်း ပြောပါတယ်။

မြန်မာ နိုင်ငံအတွက် သင့်တော်တဲ့ ရွေကောက်ပွဲ စနစ်ကို လေ့လာ သုံးသပ်နေတဲ့ လွှတ်တော်တွင်းမှာ ဒီမိုကရက်တစ် အမတ်တွေ နည်းပါးနေတဲ့ အတွက် အင်အားများတဲ့ ပါတီရဲ့ ထောက်ခံမှုနဲ့ PR စနစ် ကျင့်သုံးဖို့ အတည် ဖြစ်သွားနိုင်ပေမဲ့ ဒီစနစ်ကို ပြည်သူတွေက အစ ကတည်းက လက်မခံခဲ့ဘူး ဆိုတာ ထင်ရှား စေချင်တာ ဖြစ်တယ်လို့ ကိုမြတ်ကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ