မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ

  • 29 ဩဂုတ် 2014
May Myat Noe ဓာတ်ပုံ မူပိုင် AP
Image caption အလှမယ် မေမြတ်နိုး သရဖူ ရုပ်သိမ်းခံရ

မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။

ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးဘက်က မရိုးသားခဲ့တဲ့ အတွက်ရယ်၊ အလှမယ်ဘွဲ့ ရသူ တစ်ယောက် အဖြစ် ရပ်တည်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အတွက် ရယ်ကြောင့် သရဖူကို ပြန်ရုပ်သိမ်း တာလို့ ပြောပါတယ်။

အဓိက မကျေနပ်တဲ့ အကြောင်း တစ်ခုကတော့ သူတို့ ကုမ္ပဏီနဲ့ အလုပ် ဆက်လုပ်ဖို့ သြဂုတ်လ ထဲမှာ မေမြတ်နိုး တောင်ကိုရီးယားကို ပြန်လာချိန်မှာ သူ့မိခင်ကိုပါ တပါတည်း ခေါ်လာခဲ့တဲ့ ကိစ္စ ဖြစ်တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးရဲ့ မိခင်ကို နှစ်ပတ်ဗီဇာ လျှောက်ပေးခဲ့ပေမဲ့ သူက မေမြတ်နိုး တောင်ကိုရီးယားမှာ ရှိနေသမျှ သုံးလလုံး နေချင်တယ်ဆိုတာကို သူတို့ လက်မခံနိုင်ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အလှမယ် ဖြစ်ပြီးတဲ့ အခါ ပိုမိုလှပအောင် Breast Implant ဆိုတဲ့ ရင်သား ခွဲစိပ် ပြုပြင်တာ၊ ခေါင်း၊ ခါးနဲ့ ခြေ အဆုံး ပလတ်စတစ် ဆာဂျရီ နည်းနဲ့ ခွဲစိပ် ပြုပြင်တာတွေ လုပ်ရမယ်လို့ ကြိုတင် သဘောတူခဲ့တာ ရှိခဲ့ပြီး အခုတခါ မေမြတ်နိုး ကိုရီးယားကို ပြန်လာပြီး နောက်တစ်ရက်မှာ ဒေါ်လာ တစ်သောင်း ကုန်ကျတဲ့ ရင်သား ခွဲစိပ် ပြုပြင်မှုလုပ်ပေးခဲ့တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

ဒါဟာ မေမြတ်နိုးရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်တာလို့ ဒေးဗစ် ကင်းမ်က ပြောပေမဲ့ မေမြတ်နိုး အနေနဲ့ ငြင်းလို့ မရတဲ့ ဖိအားပေးမှုကြောင့် လက်ခံခဲ့ရတာလို့ သူ့ အစ်မဖြစ်သူက ပြောပါတယ်။

ရင်သား ခွဲစိပ် ပြုပြင်တဲ့ ကိစ္စကို လူတစ်ယောက်ရဲ့ အတွင်းရေး လျှို့ဝှက် ချက် အဖြစ် ထားမယ်လို့ ပြောခဲ့ပြီးမှ အခု ထုတ်ဖော်ပြောတာဟာ ပွဲစီစဉ်သူတွေ ဘက်က လိမ်လည် ပြောဆိုရာ ကျပြီး သူတပါး အတွင်းရေးကို ထုတ်ပြောရာလည်း ကျတယ်လို့ မေမြတ်နိုးရဲ့ အစ်မက ပြောပါတယ်။

ဒေါ်လာ တစ်သိန်း လောက်တန်တဲ့ သရဖူကြီးကို ယူပြီး မေမြတ်နိုး ထွက်ပြေး သွားခဲ့တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောတာနဲ့ ပတ်သက်လို့လည်း သူ့ အစ်မက မေမြတ်နိုးဟာ တောင်ကိုရီးယားမှာ နေဖို့ ခွင့်ပြုထားတဲ့ရက် မတိုင်ခင် ပြန်လာခွင့် ရှိတဲ့ အတိုင်း ပြန်လာခဲ့တာလို့ ပြောပါတယ်။

သရဖူဟာ မြန်မာနိုင်ငံသားတွေ အတွက် ရခဲ့တာ ဖြစ်လို့ ဘာဆက်လုပ်မယ်ဆိုတာကို လာမယ့် အင်္ဂါနေ့မှာ မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အကြောင်းစုံ ရှင်းလင်း ပြောပြ သွားမယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ