သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားထက် များ

  • 30 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption အရင် သန်းခေါင်စာရင်းက အချက်အလက် မပြည့်စုံတာတွေ ရှိခဲ့တယ်လို့ ဝန်ကြီး ဦးခင်ရီပြော

မြန်မာနိုင်ငံရဲ့ ရှေ့ပြေး လူဦးရေ စာရင်းမှာ လူဦးရေ ၅၁သန်းကျော် ရှိတဲ့ အထဲက လူဦးရေ အားလုံးရဲ့ ၂၇ ရာခိုင်နှုန်းကျော်ဟာ မြို့ပြမှာ နေထိုင် ကြပြီး တိုင်းနယ် ပြည်နယ် အသီးသီးမှာ တော့ အမျိုးသမီး ဦးရေက အမျိုးသား ဦးရေထက် ပိုများနေတယ်လို့ ပြည်သူ့အင်အား ဦးစီးဌာန ဗဟို သန်းခေါင် စာရင်း ကော်မရှင် က ထုတ်ပြန်ပါတယ်။

လူအယောက် ၁၀ဝတိုင်းမှာ အမျိုးသား ၄၈ယောက်နဲ့ အမျိုးသမီး ၅၂ ယောက် ရှိနေပြီး တနိုင်ငံလုံး အနေအထားနဲ့ တွက်ချက်မယ်ဆိုရင် အမျိုးသမီး ဦးရေက အမျိုးသား ဦးရေထက် ၁.၇သန်း ပိုများနေပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ သိပ်သည်းဆဟာ (၁)စတုရန်း ကီလိုမီတာမှာ ပျမ်းမျှ ၇၆ ယောက် နေထိုင်ပြီး နေထိုင်သူ ဦးရေဟာ တချို့ပြည်နယ်တွေမှာ ဆယ်ဂဏန်း လောက်ပဲ ရှိပေမယ့် ရန်ကုန်မှာတော့ အယောက် ၇၀ဝ ကျော်လောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။

UNFPA ဌာနေကိုယ်စားလှယ် Janet Jackson က တော့ မြို့ပြဒေသတွေကို လူတွေ ပြောင်းရွှေ့ နေထိုင်ကြပေမယ့် သူတို့နဲ့ သင့်တင့်မယ့် အလုပ်အကိုင်နဲ့ နေရေး ထိုင်ရေး လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။

ရွာတွေကနေ မြို့ပေါ် ပြောင်းရွှေ့လာသူတွေ အတွက် သူတို့တွေရဲ့ တကယ်တမ်း လိုအပ်ချက်တွေကို စီစဉ်ပေးဖို့ လိုအပ်ကြောင်းနဲ့ ဘာတွေ အဓိက ဖြည့်ဆည်းပေးဖို့ လိုသလဲ ဆိုတာကိုတော့ သန်းခေါင်စာရင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာမှ ဆုံးဖြတ် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ UNFPA က ပြောပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ ရှေ့ပြေး စာရင်းထဲမှာ ကချင်၊ ကရင်နဲ့ ရခိုင်ဒေသ မှာ အရင် ကောက်ထားတဲ့ ကျား၊မ စာရင်း ထည့်သွင်း ဖော်ပြထားပေမယ့် နိုင်ငံခြားမှာ သွားရောက် အလုပ် လုပ်ကိုင်နေသူတွေရဲ့ စာရင်းတော့ မပါသေးပါဘူး။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း၆၀ကျော် ရှိတယ်လို့ အစိုးရက အရင်က ထုတ်ပြန် ထားပြီး အခုတော့ ၅၁သန်းကျော်ပဲ ရှိတယ်လို့ ပြန်ပြီး ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်တုန်းက ကောက်ခံမှုတွေမှာ အချက်အလက် မပြည့်စုံတာတွေ ရှိခဲ့ပြီး သေစာရင်း၊ မွေးစာရင်း အချက်အလက်လောက်ပဲ ကောက်ခံနိုင်ခဲ့တာမို့ ဒီစာရင်းတွေဟာ ပြည့်စုံ မှန်ကန်မှု မရှိခဲ့ဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။