ငွေမည်းခဝါချမှု နည်းဥပဒေတွေ ထွက်လာမယ်

  • 31 ဩဂုတ် 2014
_money_laundering
Image caption ငွေမည်းတွေကို လျှော်ဖွပ်ခြင်း

မြန်မာနိုင်ငံ မှာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး အတွက်၊ လွှတ်တော်ကနေ ဥပဒေသစ် တစ်ရပ်ကို ၂၀၁၄ မတ်လ မှာ ပြဌာန်း နိုင်ခဲ့ ပေမယ့်၊ ငွေမည်း စီးဆင်းနေမှု ကို ထိရောက်စွာ ကိုင်တွယ် အရေးယူနိုင်ရေး အတွက် နည်းဥပဒေ တွေ ထွက် လာဖို့ လိုအပ်နေပါ တယ်။

ငွေမည်း ခဝါချမှုနဲ့ အကြမ်းဖက် အဖွဲ့တွေ ကို ငွေကြေး ထောက်ပံ့မှုတွေ အပါအဝင် နိုင်ငံတကာ ရဲ့ ဘဏ္ဍာရေး စံနစ် အပေါ် အန္တရာယ်ပြု နိုင်တာတွေ ကို ကာကွယ် တိုက်ဖျက်ဖို့၊ နိုင်ငံတကာ အစိုးရတွေ အကြား ပူးပေါင်း ဖွဲ့စည်း ထားတဲ့ Financial Action Task Force (FATF)အဖွဲ့ က ထုတ်ပြန်ချက် ထဲမှာလည်း မြန်မာနိုင်ငံ ကို ငွေမည်း ခဝါချမှု တိုက်ဖျက်ရေး မှာ ပူးပေါင်း ပါဝင်မှု အားနည်း တဲ့ နိုင်ငံ အဖြစ် ဝေဖန်မှု တွေ ရှိခဲ့ပါ တယ်။

အခုတော့ ပြည်သူ့ လွှတ်တော် ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ တိုးတက် ဖွံ့ဖြိုးရေး ကော်မတီ က၊ ၂၀၁၄ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေထဲ ကို၊ နည်း ဥပဒေသစ် တွေ ထည့်သွင်းမယ် ဆိုပြီး၊ ဩဂုတ်လ နှောင်းပိုင်း က ပြောလိုက်ပါ တယ်။

ငွေကြေးခဝါမှု နဲ့ ပတ်သက်တဲ့ လက်ရှိ မြန်မာနိုင်ငံ ရဲ့ အခြေအနေကို ကြည့်ရင်၊ အင်အား အကြီးမားဆုံး ဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု နဲ့ ဆက်စပ်နေ တဲ့ ငွေမည်းတွေ ဟာ ဘဏ်တွေဆီ ကို ဝင်ရောက် လာတာမျိုး ထက်စာရင် အိမ်၊ ခြံ၊ မြေ နဲ့ ယာဉ်ပစ္စည်း တွေကို ဝယ်ယူပြီး၊ ရင်းနှီးမြှုပ်နှံ အသွင်ပြောင်း ကြတာ မျိုး များတယ် လို့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ တပ်ဖွဲ့မှူး တာ၀န်ကို ယူထားတဲ့ ရဲမှူးချုပ် စိုးမြိုင် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ နိုင်ငံဟာ FATF အဖွဲ့ဝင် မဟုတ်သေးပေမယ့် အာရှ-ပစိဖိတ် ဆိုင်ရာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး Asia - Pacific Group On APG ရဲ့ အဖွဲ့ဝင် ဖြစ်ပြီး၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ မှာ FATF က အကြံပြုချက်တွေ အတိုင်း လိုက်နာ ဆောင်ရွက် နေတယ် လို့ ရဲမှူးချုပ် စိုးမြိုင် က ဆိုပါတယ်။

မူးယစ်ဆေးဝါး နဲ့ ဆက်နွယ်တဲ့ ငွေကြေး ခဝါ ချမှုတွေ သာမက၊ လူကုန်ကူးမှု နဲ့ ရှေးဟောင်း ပစ္စည်း ရောင်း၀ယ်မှု တွေ နဲ့ ဆက်စပ်တဲ့ ငွေမည်းတွေ ကို ထုတ်ဖော် နေရကြောင်း လည်း ပြောပါ တယ်။ ဒီလို ငွေမည်းတွေ ကို ထုတ်ဖော်ရာ မှာ ရာဇဝတ်မှု ကျူးလွန်သူတွေ ရဲ့ ပိုင်ဆိုင်မှု ဘဏ္ဍာတွေ ကို သိမ်းဆည်းရပါတယ်။

ဘဏ္ဍာတွေ သိမ်းဆည်းတဲ့ အခါ၊ ၂၀၀၂ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေ အရ ပြည်ထဲရေး ဝန်ကြီး က သိမ်းဆည်းခွင့် အမိန့် ချပေးရတာ ဖြစ်ပြီး၊ အခု ၂၀၁၄ ဥပဒေသစ် အရတော့ သက်ဆိုင်ရာ တရားရုံးတွေ အလိုက် ဘဏ္ဍာ သိမ်းဆည်း ခွင့် အမိန့်အာဏာ ကို ထုတ်ပေး နိုင်ကြပြီ ဖြစ်ကြောင်း လည်း ရဲမှူးချုပ် စိုးမြိုင် က ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ