UNFC ကနေ KNU ဘာကြောင့် ယာယီ နှုတ်ထွက်တာလဲ

  • 1 စက်တင်ဘာ 2014
UNFC and Democratic Force
Image caption UNFC အဖွဲ့နဲ့ ဒိမိုကရေစီ အင်အားစုတွေ ပြီးခဲ့တဲ့ လက ဆွေးနွေး ခဲ့စဉ်

ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံးက UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီအဖွဲ့ဝင် အဖြစ်က နေယာယီရပ်ဆိုင်းကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပနေတဲ့ UNFC အစည်း အဝေးက သဘာပတိကို သဘောထား ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ UNFC ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး သူတို့ လိုလားတဲ့ အတိုင်း တောင်းဆိုတာ မရတဲ့ အတွက် ယာယီနှုတ်ထွက်တာလို့ ပြောထားပါတယ်။

UNFC ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းကြ ရာမှာ ကေအန်ယူက တင်ပြတဲ့ အချက်တွေကို ကျန်တဲ့ တိုင်းရင်းသား အဖွဲ့တွေက လက်မခံကြတဲ့ အတွက် ကေအန်ယူ ဗဟို ကော်မီတီနဲ့ ဆွေးနွေးပြီး အဖွဲ့မှာ ဆက်ပါရေး မပါရေးကို ဆုံးဖြတ်သွားမယ်လို့ လည်း ကေအန်ယူက ပေးပို့တဲ့စာမှာ ပါရှိပါတယ်။

အဖွဲ့ အစည်းရဲ့ စုဖွဲ့မှုအရ ဦးဆောင်မှု ကဏ္ဍမှာ တန်းတူ ညီမျှမှု အပေါ် အခြေခံဖို့ ကေအန်ယူက လိုလားပေမဲ့ တခြား တိုင်းရင်းသား အဖွဲ့တွေကတော့ ဗဟိုက ချုပ်ကိုင်တဲ့ ဦးဆောင်မှု အောက်မှာ အားလုံး လိုက်နာမယ့် သဘော ရှိတဲ့ အတွက် ဒါဟာ ကေအန်ယူရဲ့ မူဝါဒ သဘောနဲ့ မကိုက်ညီဘူးလို့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖဒို ကွယ်ထူးဝင်းက ပြော ပါတယ်။

ကေအန်ယူရဲ့ မူဝါဒက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် စနစ်ကို လိုလားတယ်၊ ပူးပေါင်း ဆောင်ရွက်မှု လုပ်မယ့် တချိန်တည်းမှာပဲ သီးခြား ဆောင်ရွက်မှုလည်း လုပ်မယ်၊ ကိုယ့် မူဝါဒနဲ့ မကိုက်ညီရင် မပူးပေါင်းဘူး ဆိုတဲ့ သဘော ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အနေအထားနဲ့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ အခြေ အနေနဲ့ ကိုက်ညီတဲ့ စုဖွဲ့မှု လိုအပ်တယ်လို့ ဖဒို ကွယ်ထူးဝင်းက ပြော ပါတယ်။

UNFC အဖွဲ့ဟာ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်မှုနဲ့ စည်းလုံး ညီညွတ်မှုကို ပြသတဲ့ အဖွဲ့ ဖြစ်ပေမဲ့ လုပ်ငန်း အကောင်အထည်ဖော်တဲ့နေရာမှာတော့ တာဝန်ခံမှု၊ တဝန်ယူမှုက မပြည့်စုံ ဘူးလို့ သူက ပြော ပါတယ်။

ကေအန်ယူက UNFC မှာ မပါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ချင်းစီနဲ့ရော၊ လက်နက်ကိုင်မဟုတ်တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့သာမက တခြား ပါတီတွေနဲ့ပါ ပူးပေါင်းပြီး နိုင်ငံရေး ရည်မှန်းချက်တွေ ပြည့်အောင် ဆောင်ရွက်သွားမယ်လို့လည်း ဖဒို ကွယ်ထူးဝင်းက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ