မြန်မာ့ဆန်တွေ တရုတ် တရားဝင် ဝယ်တော့မယ်။

  • 2 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် THINKSTOCK
Image caption မြန်မာ့ဆန် အရည်အသွေးနဲ့ ပတ်သက်လို့ တရုတ် ကိုယ်စားလှယ်တွေ ကွင်းဆင်း လေ့လာခဲ့ကြ

မြန်မာ့ဆန်ကို တရားဝင် ဝယ်ယူရေးအတွက် တရုတ်နိုင်ငံက ဆန်အရည်အသွေး စစ်ဆေးတဲ့ AQSIQ အဖွဲ့ မြန်မာနိုင်ငံမှာ လာရောက် စစ်ဆေးနေပြီး တနင်္ဂနွေနေ့တုန်းကတော့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့ဆန် အရည်အသွေးနဲ့ ပတ်သက်ပြီး စိုက်ပျိုးပုံ၊ ကြိတ်ခွဲပုံ၊ သိမ်းဆည်းပုံ၊ သယ်ယူ ပို့ဆောင်ပုံတွေက အစ တရုတ်နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ကွင်းဆင်းလေ့လာခဲ့ ကြတာပါ။

အခုဆိုရင် တရားဝင် ဆန်ဝယ်ယူရေးအတွက် ညွှန်ကြားရေးမှူးချုပ် အဆင့် လက်မှတ် ရေးထိုးဖို့နဲ့ အဆင့်မြင့် အထိ လက်မှတ် ရေးထိုးဖို့တွေ လုပ်ဆောင်ဖို့ သဘောတူညီမှု ရထားပြီလို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ကာလတုန်းက မြန်မာနိုင်ငံက တရားဝင် တင်ပို့ခွင့် ပေးထားပေမယ့် တရုတ်နိုင်ငံက တရားဝင် ဝယ်ခွင့် မပြုထားတာကြောင့် တရုတ်ဘက်ခြမ်းမှာ ဖမ်းဆီးမှုတွေ ရှိတဲ့အခါ မြန်မာဆန် အရောင်းအဝယ် ရပ်သွားတာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆန်ကို ပြီးခဲ့တဲ့နှစ်တုန်းက တန်ချိန် ၉ သိန်းကျော် နိုင်ငံခြားကို တင်ပို့ခဲ့တဲ့ အထဲမှာ တရုတ်နိုင်ငံကို တန်ချိန် ၆ သိန်းကျော် တင်ပို့ခဲ့လို့ တရုတ်နိုင်ငံက မြန်မာ့ ဆန်ကို အများဆုံး ဝယ်ယူတဲ့ နိုင်ငံဖြစ်လာပါတယ်။

ကုန်းလမ်းနဲ့ သယ်ယူနိုင်တဲ့ အတွက် အရေအတွက် များများ ပို့နိုင်သလို စရိတ်စကနဲ့ တွက်လိုက်ရင် သင်္ဘောတင်တဲ့ ဈေးထက် သာတဲ့ အတွက် တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကလည်း တရုတ်နိုင်ငံကို ဆန်တန်ချိန် ၉ သိန်း တင်ပို့ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။