သမ္မတ ဦးသိန်းစိန် ဥရောပကို ထွက်ခွာ

  • 1 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မနှစ် ကတော့ ဗြိတိန်၊ နော်ဝေ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ နိုင်ငံတွေကို သွားရောက် ခဲ့

သမ္မတ ဦးသိန်းစိန်ဟာ သီတင်း တစ်ပတ်ကျော် ကြာမြင့်မယ့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဂျာမနီ၊ ဆွစ်ဇာလန်၊ နယ်သာလန် နိုင်ငံ ခရီးစဉ် အဖြစ် မြန်မာ နိုင်ငံ ကနေ ထွက်သွားပြီ ဖြစ်ပါတယ်။

ခရီးစဉ်ရဲ့ ရည်ရွယ်ချက် ကတော့ ချစ်ကြည်ရေး မြင့်တင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကပြောပါတယ်။

ဒီတခေါက် ဥရောပ ခရီးစဉ် အဖြစ် အရင်က မသွားဖူး သေးတဲ့ ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံ (၃) နိုင်ငံကို သွားရောက်တာ ဖြစ်ပြီး ဂျာမနီ နိုင်ငံကို စတင် ရောက်ရှိမှာ ဖြစ်ပါတယ်။

(EU)ဟာ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး၊ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကို ထောက်ခံ အားပေး နေတာ ရှိပြီးတော့ မြန်မာ အစိုးရကို ငွေရေး ကြေးရေး ပိုင်းမှာ ကူညီ ထောက်ပံ့မှု အများဆုံး ပေးနေတဲ့ အဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနှစ်တုန်း ကလည်း အီးယူ အဖွဲ့ဝင် ဖြစ်တဲ့ ဗြိတိန်၊ နော်ဝေ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ နိုင်ငံတွေကို သွားရောက်ခဲ့ ပါတယ်။

လက်ရှိမှာ အီးယူဟာ မြန်မာ နိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို ရုပ်သိမ်း ပေးထား သလို ပြီးခဲ့တဲ့ နှစ်က သမ္မတ ဦးသိန်းစိန်ရဲ့ အီးယူ ခရီးစဉ် အပြီး မှာလည်း မြန်မာ နဲ့ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ အကြား ကုန်သွယ်ရေး အထူး အခွန် ကင်းလွတ်ခွင့် ကို အီးယူ ဘက်က ပေးခဲ့တာ ရှိပါတယ်။

ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် အပြော အရ ဆိုရင်၊ အီးယူ အင်အာကြီး နိုင်ငံတွေ ကို မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ အကြောင်း ရှင်းပြ ပြီးတော့ လိုအပ်တဲ့ အကူ အညီတွေ ထပ်မံ တောင်းခံဖို့ ရှိနေတယ်လို့ သုံးသပ်လို့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ