ရခိုင်ဒေသက မွတ်ဆလင် ဒုက္ခသည်တွေ နိုင်ငံသား စိစစ်ရေး ပြေလည်မှု မရ

  • 3 စက်တင်ဘာ 2014
Image caption ဘင်္ဂါလီ လူမျိုးအဖြစ် စိစစ်မယ်ဆိုရင် လက်မခံနိုင်ဘူးလို့ ဒုက္ခသည်တွေက ပြောနေ

စစ်တွေမြို့က သက္ကေပြင် ဒုက္ခသည်စခန်းမှာ နိုင်ငံသား စိစစ်ဖို့အတွက် အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရပ်မိရပ်ဖတွေ ဘာသာရေး ခေါင်းဆောင်တွေကို ခေါ်ယူပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ပြေလည်မှု မရခဲ့ပဲ ဆွေးနွေးပွဲ အဆုံးသတ် ခဲ့ရပါတယ်။

သက္ကေပြင်မှာ ရှိနေတဲ့ ဒုက္ခသည်တွေကို ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသား စိစစ်မှု လုပ်ပေးမယ် ဆိုတဲ့ အကြောင်း၊ နိုင်ငံသားဖြစ်ရင် လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရှိတဲ့အကြောင်း၊ ဘင်္ဂါလီ လူမျိုးအဖြစ်သာ လက်ခံ စိစစ်ပေးမှာ ဖြစ်တဲ့ အကြောင်း ဝန်ကြီးချုပ် မောင်မောင်အုန်းက ဒုက္ခသည်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘင်္ဂါလီအဖြစ် စိစစ်မယ်ဆိုရင် လက်မခံနိုင်ဘူးလို့ ဒုက္ခသည်တွေဘက်က ပြန်လည် တင်ပြခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

နိုင်ငံသား စိစစ်ရေးကို ရခိုင် ပြည်နယ် အတွင်းမှာ စီမံချက် တရပ် အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် ဘင်္ဂါလီလို့ အစစ်မခံရင် နိုင်ငံသား စိစစ်မှုကို လုပ်မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးလှသိန်းကပြောပါတယ်။

၁၉၈၂ ခုနှစ် ဥပဒေ အရဆိုရင် သတ်မှတ်ထားတဲ့ နှစ်တွေအတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ဆိုရင် ဧည့်နိုင်ငံသား အဖြစ် ခံယူခွင့် ရှိပြီး ဒုတိယ မျိုးဆက် ဖြစ်တဲ့ သားသမီးတွေက နိုင်ငံသား ပြုခွင့်ရှိမှာ ဖြစ်ပြီး တတိယ မျိုးဆက် မြေးအဆင့် ဆိုရင်တော့ နိုင်ငံသားအဖြစ် အသိအမှတ် ပြုခံရမှာ ဖြစ်ပါတယ်။