သမ္မတ ဦးသိန်းစိန် ဂျာမနီနိုင်ငံကို ရောက်ရှိ

  • 3 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပ ခရီးစဉ်အတွင်း မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး တွေ အကြောင်း သမ္မတ ဦးသိန်းစိန် ရှင်းပြဖို့ ရှိ

မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ဂျာမနီ နိုင်ငံကို အင်္ဂါနေ့ က ရောက်ရှိ လာခဲ့ရာမှာ ဂျာမနီ ဝန်ကြီးချုပ် အင်ဂယ်လာ မာခဲလ် နဲ့ ဘာလင်မြို့မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ မှာ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိပါတယ်။

ဂျာမနီ မြန်မာ သံတမန်ရေး ဆက်ဆံမှု နှစ်၆၀ပြည့် အထိမ်းအမှတ် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကနေ ဂျာမနီနိုင်ငံ ဖရဲန့်ခ် ဖာ့တ် မြို့ကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ Deutsche Bank က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ဘာလင်မြို့ကို ရောက်ရှိလာပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့မှာ တော့ ဂျာမနီ သမ္မတ Joachim Gauk နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံဖို့ ရှိပါတယ်။

ဂျာမနီ နိုင်ငံ အပေါ် မြန်မာနိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီ ထဲ က ထက်ဝက်ကို သမ္မတ Joachim Gauk က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက လျှော်ပေး လိုက်တဲ့အတွက် အခုဆိုရင် အကြွေးငွေ အမေရိကန် ဒေါ်လာ သန်း ၇၃၀ ပဲ ကျန်တော့ပြီး ၁၅နှစ် အတွင်း အတိုးနှုန်း သက်သာစွာနဲ့ ပြန်ဆပ် ခွင့် ပေးထားပါတယ်။

လာမဲ့ သောကြာနေ့မှာ တော့ သမ္မတ ဦးသိန်းစိန် နဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ ဆွစ်ဇာလန် နိုင်ငံ ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ တတိယလှိုင်း ပြုပြင်ပြောင်းလဲရေးတွေ အကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ခရီးစဉ်အတွင်းမှာ ဥရောပ ၃နိုင်ငံ အစိုးရတွေကို ရှင်းပြ ပြောဆိုသွားမယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။