ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ၂၄ဝဝ ကို ပြန်စိစစ်မယ်

  • 3 စက်တင်ဘာ 2014
 rohingya
Image caption ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်း အခြေအနေ

ဘင်္ဂလားဒေ့ရှ် စခန်း တွေက ဒုက္ခသည် တွေကို မြန်မာနိုင်ငံ က စိစစ်ပြီး လက် ခံ ဖို့ သဘောတူ လိုက်တယ် လို့ ဘင်္ဂလားဒေ့ရှ် မှာ ဩဂုတ်လ ၃၁ ရက် က ကျင်းပတဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး များ အကြား မူဝါဒ ညှိနှိုင်း ဆွေးနွေးပွဲ အပြီး မှာဘင်္ဂလားဒေ့ရှ် ဘက် ကထုတ်ပြော လိုက်ပါတယ် ။

နိုင်ငံ ထဲ မှာ ရောက်နေတဲ့ ဒုက္ခသည် စခန်းနေထိုင် သူ တသန်းကျော် ကို နိုင်ငံ သား စိစစ် ဖို့အစိုးရက လုပ် နေတဲ့ အချိန်မှာ ဒီလို ဘာကြောင့် လက် ခံ လိုက်သလဲ ဆိုတဲ့ ဝေဖန်သံ တွေ ထွက် လာပါ တယ်။

၂ဝဝ၅ ခုနှစ် ထဲက မြန်မာ ဘက်က လက်ခံဖို့ သဘောတူ ထားတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းက လူ ၂၄ဝဝ ကျော် ကို ၂ လ အတွင်း ပြန်စိစစ် လက်ခံသွား မှာ ဖြစ်တယ်လို့ မြန်မာ ဒုနိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီလူတွေ မြန်မာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်သွားမှာ ဖြစ်ပြီး စခန်းက ကျန်တဲ့ ၃ သောင်း ကျော်ကိုတော့ မြန်မာ ဘက်က မဟုတ်ဘူးလို့ စစ်ဆေးပြီး ဖြစ်တယ် လို့လဲ ဆိုပါတယ်။

၁၉၉၂ က မြန်မာ အစိုးရ ချမှတ် ခဲ့တဲ့ နိုင်ငံသား ပြန်လည် လက်ခံတဲ့ အချက်တွေ ထဲမှာ ဒီလူတွေဟာ မြန်မာပြည်မှာ နေထိုင်ခဲ့သူတွေ ဖြစ်ရမယ်၊ မြန်မာပြည်ကို ပြန်လာဖို့ ဆန္ဒ ရှိသူ ဖြစ်ရမယ်၊ တဘက် နိုင်ငံမှာ ထပ်မွေးဖွားတဲ့ ကလေးတွေနဲ့ မိသားစုနဲ့ ကွဲကွာနေသူတွေ အတွက် ဒီလူတွေဟာ တမိသားစု ထဲက ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဗဟို တရားရုံးက ထောက်ခံချက် ပေးရမယ် လို့ ပါပါတယ်။

ဒီအစည်းအဝေးမှာ ၂ နိုင်ငံ နယ်ခြား ဆက်ဆံရေး ရုံး ဖွင့်သွားဖို့ အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လှုပ်ရှားနေတဲ့ RSO အဖွဲ့တွေရဲ့ တည်နေရာ တွေကိုလဲ မြန်မာ ဘက်က ဆွေးနွေး ဖလှယ် ခဲ့တယ်လို့ ဦးသန့်ကျော်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ