ရဲတပ်ဖွဲ့အနာဂတ်အရေး EUနဲ့ မြန်မာ ဆွေးနွေး

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လူအုပ်စု ထိန်းသိမ်းရေးနဲ့ လူထု အခြေပြု ရဲ လုပ်ငန်းအတွက် မြန်မာ ရဲတပ်ဖွဲ့ကို EU က သင်တန်းပေးနေတာ တနှစ်ကျော်ပြီ

လူစုလူဝေး ဆန္ဒပြပွဲတွေကို ထိန်းသိမ်းရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ အနာဂတ်ရေးတွေအတွက် ဥရောပ သမဂ္ဂ တာဝန်ရှိသူတွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

လူအုပ်စု ထိန်းသိမ်းရေးနဲ့ လူထု အခြေပြု ရဲလုပ်ငန်းအတွက် ဥရောပ သမဂ္ဂက တာဝန်ယူပြီး သင်တန်းပေးနေတာ တနှစ်ကျော်လာပြီ ဖြစ်ပြီး အဲဒီ ထဲမှာမှ ရဲတပ်ဖွဲ့ရဲ့ အနာဂတ်အမြင်နဲ့ မီဒီယာတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆိုတဲ့ အစိပ်အပိုင်းကို ဥရောပ သမဂ္ဂက ပံ့ပိုး ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အဖွဲ့အစည်းတွေ အားလုံးဟာ ဒီမိုကရေစီ အဖွဲ့အစည်းတွေနဲ့ အံဝင်ခွင်ကျ လုပ်တတ် ကိုင်တတ်ဖို့အတွက် အတွေ့အကြုံ နုနယ်သေးတဲ့အတွက် အသိပညာ ပေးမှုတွေ လုပ်ဖို့ လိုသလို ပြည်သူတွေဘက်ကလည်း စည်းနဲ့ ကမ်းနဲ့ တရား ဥပဒေကို လိုက်နာပြီး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်း၊ တခါ မီဒီယာ ဘက်ကလည်း ရဲတပ်ဖွဲ့ရဲ့ မှားကွက်တွေကို ထောက်ပြ ကောင်းတာတွေကို ကောင်းတယ်လို့ ပြောပြီး အပြန်အလှန် အကျိုးပြုတဲ့ အမြင်တွေနဲ့ သုံးသပ် ရှုမြင်ဖို့ လိုတယ်လို့ ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။

ဥရောပ သမဂ္ဂက အခုလို သင်တန်းပေးတာမျိုးတွေ အပြင် လူအုပ်စု ထိန်းသိမ်းရာမှာ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေကိုလည်း ပံ့ပိုးပေးတယ်လို့ ဆိုပါတယ်။