၃ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် ကြိုပြင်နေ

  • 4 စက်တင်ဘာ 2014
_knu_peace_talk ဓာတ်ပုံ မူပိုင် Hla Maung Shwe
Image caption ကေအဲန်ယူရဲ့ ငြိမ်းချမ်းရေး စကားဝိုင်း တစ်ရပ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ အစိုးရ အကြား၊ တနိုင်ငံလုံး ဆိုင်ရာ အပစ်ရပ် သဘောတူမှု ရလာမယ် ဆိုရင်၊ မြေပေါ် တရားဝင် နိုင်ငံရေး ပါတီတွေ အပါအဝင် ၃ ပွင့် ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်မှန်း ထားကြတဲ့ အလျောက်၊ ဆွေးနွေးရမယ့် အကြောင်းအရာတွေ နဲ့ စပ်လျှင်းပြီး တရားဝင် ပါတီတွေ အကြား အကြို ညှိနှိုင်းတဲ့ အစည်းအဝေး တစ်ရပ် ကို ဩဂုတ်လ ၃ ရက်နေ့ က ရန်ကုန် Green Hill ဟိုတယ် မှာ ပြုလုပ်ခဲ့ပါ တယ်။

တရားဝင် ပါတီပေါင်း ၆၇ ပါတီ လုံးရဲ့ သဘောထား တွေ ရယူသွားနိုင် ဖို့ ရည်မှန်းပြီး၊ ပါတီ အားလုံးကို ကိုယ်စားပြုတဲ့ ကော်မတီ တစ်ရပ် ဖွဲ့စည်းကြမလား ဆိုတဲ့ အချက်ကို လောလောဆယ်မှာ တော့ မဆုံးဖြတ် ရသေး ကြောင်း၊ အဲဒီ အစည်းအဝေး ကို တက်ရောက်ခဲ့ တဲ့ ရခိုင် အမျိုးသားပါတီ က ဦးဦးလှစော က ပြောပါတယ်။

အခုလုပ်ခဲ့တဲ့ ကနဦး တွေ့ဆုံပွဲမှာ တော့ ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း နဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ စတဲ့ တပ်ပေါင်းစုဝင် တရားဝင် နိုင်ငံရေး ပါတီ ၃၃ ခုက ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ပါတယ်။

တိုင်းရင်းသားတွေ ရဲ့ လိုလားချက် ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး၊ ဒီ ဝေါဟာရ အပေါ် အင်အားစု အသီးသီး အနေနဲ့ ကြေကြေလည်လည် သဘောပေါက်ပြီး၊ ကမ္ဘာ့ နိုင်ငံကြီးတွေ မှာ ကျင့်သုံးနှင့်ပြီး မတူညီတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ တွေ ကိုလည်း လေ့လာ သုံးသပ်ကာ၊ ပညာရှင်တွေ ရဲ့ အကူအညီနဲ့ အချိန်ယူ ဆွေးနွေး ရမယ့် အကြောင်းအရာ ဖြစ်တယ် လို့ ဦးဦးလှစော က ဆိုပါတယ်။

အခုလို ၃ ပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာဖို့ ဆိုရာမှာ၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ အပစ်ရပ် သဘောတူ နိုင်ပြီးတဲ့ နောက်ပိုင်းကျမှ ဆက်လက် ဖြစ်ထွန်း လာမယ့် လုပ်ငန်းစဉ် အဖြစ် မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ မှာတော့၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တစ်ခုဖြစ်တဲ့ UNFC ထဲ ကနေ ကရင် အဖွဲ့ KNU နှုတ်ထွက်တဲ့ ဖြစ်ရပ်မျိုးလို သဘောထား ကွဲမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံး အပေါ် လာရောက် ရိုက်ခတ်နိုင်လား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် နေပါတယ်။

ဒါပေမယ့်၊ UNFC အဖွဲ့ဝင်တွေ အများစုနဲ့ပဲ စုပေါင်း ဖွဲ့စည်းပြီး အစိုးရနဲ့ အကြား အပစ်ရပ် သဘောတူရေး တစ်ခုတည်းသော မူဝါဒ ရလာဖို့ လုပ်ဆောင်နေတဲ့ NCCT အဖွဲ့ထဲမှာတော့ KNU အနေနဲ့ ဆက်လက် ပါဝင်နေ ဦးမှာ ဖြစ်တဲ့ အတွက်၊ ပြည်တွင်း ငြိမ်းချမ်းရေး ရလာဖို့ အလားအလာ ကိုတော့ မထိခိုက် နိုင်ပါဘူး ဆိုပြီး၊ KNU ရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံ စောဒေးဗစ် တာကပေါ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ