ကချင်ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ တွေ့ဆုံ

_kachin_ ဓာတ်ပုံ မူပိုင် AFP
Image caption မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့စဉ်

မြစ်ကြီးနား မှာ စက်တင်ဘာ ၅ ရက်နေ့ က၊ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နဲ့ အစိုးရကြား နှစ်ဘက် ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းထား တဲ့ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး ကော်မီတီရဲ့ ပုံမှန် ဆွေးနွေးပွဲ လုပ်ခဲ့ပါ တယ်။

လောလောဆယ် အခြေအနေမှာ တော့ နှစ်ဘက်ကြား တိုက်ပွဲတွေ မရှိပေမယ့်၊ ကချင် ပြည်နယ် တွင်းက အစိုးရ တပ်စခန်းတွေ လုံခြုံရေး လှည့်တဲ့အခါ၊ ကေအိုင်အို နဲ့ ထိတွေ့ ပစ်ခတ်မှုတွေ ရှောင်ရှား နိုင်အောင် ဘယ်လို ကြိုတင် ညှိနှိုင်း အကြောင်းကြား မလဲ ဆိုတဲ့ ကိစ္စမျိုး ကို ထည့်သွင်း ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

နောက် အဓိက ဆွေးနွေးကြတဲ့ အထဲ၊ ကေအိုင်အို ဘက်က မူးယစ် ဆေးဝါး ရောင်းချသူ တွေ သုံးစွဲသူတွေ ကို ဖမ်းဆီးတဲ့ အခါ၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရ အပါအဝင် ပြည်နယ် ရဲတပ်ဖွဲ့ တို့ နဲ့ ညှိနှိုင်းစေလို တဲ့ အစိုးရ ဘက်က သဘောထား ကို လည်း ဆွေးနွေး ကြောင်း အဲဒီ ဆွေးနွေးပွဲ မှာ လေ့လာသူ အဖြစ်တက်ခဲ့ တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကျိုးဆောင်အဖွဲ့ က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

တခါ၊ ဖါးကန့် မှာ အခု စက်တင်ဘာလ ၁ ရက်နေ့ က ကျောက်စိမ်း မိုင်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္မဏီ တွေကို အစိုးရ က ပြန်လည် လုပ်ကိုင်ခွင့် ပေးပြီလို့ ကြေညာခဲ့တဲ့ အပေါ် ကေအိုင်အို က သဘောမတူဘူး ဆိုတဲ့ သတင်းတွေ ထွက်တာလည်း မဟုတ်မှန်တဲ့ အကြောင်း ၊ ကေအိုင်အေ ၊ ကေအိုင်အို ဘက် က ဒီလို သဘောထားတွေ မရှိတဲ့အကြောင်း ဆွေးနွေး ကြတယ် လို့ ဆိုပါတယ်။

အိုင်ဒီပီလို့ ခေါ်တဲ့ စစ်ဒဏ်ကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးလာသူ တွေ နေရင်း ရွာတွေ ပြန်နိုင်ရေး ကို ဆွေးနွေးကြပေမယ့်၊ လောလောဆယ် မိုင်းတွေ မရှင်းရသေးတဲ့ ပြဿနာ၊ လုံလောက်အောင် တည်ငြိမ်မှု မရှိသေးတဲ့ ပြဿနာ တွေ ကြောင့် အဖြေမထုတ် နိုင်ကြသေး ကြောင်း လည်း သိရပါ တယ်။

အခုလို ကိစ္စ ၄ ရပ် အပေါ် အဓိက အခြေခံ ဆွေးနွေး ခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေး အတွက် အလားအလာ မျှော်လင့်ချက် ဘယ်လောက် ရှိနေလဲ ဆိုတဲ့ အပေါ်တော့ နှစ်ဘက် ကိုယ်စားလှယ် တွေ မဆွေးနွေး ကြပါဘူး လို့ ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

ဒီပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ကို အစိုးရဘက် က ကချင်ပြည်နယ် နယ်စပ် ဒေသ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် နဲ့ ကေအိုင်အို ဘက်က ဗိုလ်မှူးကြီး ဇော်တောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် တို့ ပူးပေါင်း ဖွဲ့စည်း ထားတာ ဖြစ်ပြီး ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ တွေ လာမယ့်လ တွေ မှာ လည်း ဆက်လက် လုပ်ဆောင် သွားမယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ