နမ့်ခမ်းမှာ သတ္တုတွင်း ကုမ္ပဏီကို ဆန္ဒပြ

  • 5 စက်တင်ဘာ 2014
Image caption ငွေကမ္ဘာကျော် သတ္တု ကုမ္ပဏီကြောင့် နမ့်ခမ်းဒေသက နမ့်ဆီးရီးချောင်း နဲ့ ဆည်တွေ တိမ်ကော ပျက်စီးခဲ့တယ်လို့ ဆို

ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းဒေသမှာ တူးဖော်နေတဲ့ သတ္တုတူးဖော်ရေး ကုမ္မဏီရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းပေးဖို့ စက်တင်ဘာလ ၅ရက်နေ့ မနက် ၁၀ နာရီ လောက်က နန့်ခမ်းမြို့မှာ လူ ၃၀ဝ၀လောက် ဆန္ဒပြခဲ့ ကြပါတယ်။

ဒီဆန္ဒပြမှု ထဲမှာ နမ့်ခမ်း မြို့နယ်တွင်းက ရှမ်းတိုင်းရင်းသားတွေနဲ့ တအန်း တိုင်းရင်းသားတွေနဲ့အတူ ကျေးရွာပေါင်း ၃၀ကျော်က ဒေသခံ လယ်သမားတွေ ပါဝင်ကြပါတယ်။

ဒီဆန္ဒပြပွဲကို တရားဝင် ခွင့်ပြုချက် တင်ပြီး ဆန္ဒပြတာ ဖြစ်ပြီး အစိုးရဖက် ကလည်း ခွင့်ပြုခဲ့တယ် လို့သိရပါတယ်။

နမ့်ခမ်း မြို့နယ် အတွင်းမှာ လုပ်ကိုင် နေတဲ့ ငွေကမ္ဘာကျော် သတ္တု တူးဖော်ရေး ကုမ္မဏီ ဟာ ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးတဲ့ ဆီလီကွန် သတ္တု တူးဖော်ရေး လုပ်ငန်းတွေ လုပ်နေတာ ဖြစ်ပြီး အဲဒီ တူးဖော်ရေး လုပ်ငန်းတွေကြောင့် တိမ်ကော ပျက်စီးသွားတဲ့ နမ့်ဆီးရီး ချောင်းနှင့် ဆည်တွေကို ပြန်လည် တူးဖော် ပြုပြင်ပေးဖို့နဲ့ ပျက်စီး ဆုံးရှုံးခဲ့တဲ့ လယ်မြေတွေနဲ့ သီးနှံတွေ အတွက် လျော်ကြေး အပြည့်အဝ ရဖို့ကို ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲ အပြီး နာရီ အနည်းငယ် အကြာ မှာတော့ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ကုမ္မဏီရဲ့ လုပ်ငန်းတွေ ဆောင်ရွက် ထားရှိမှုတွေနဲ့ ပတ်သက်လို့ အသိပေး အကြောင်းကြားခဲ့တယ်လို့ ဆန္နပြသူတွေထဲမှာ ပါဝင်သူ တစ်ဦး ဖြစ်တဲ့ ဒေသခံ လူငယ် ကိုစိုင်းပီက ဘီဘီစီကို ပြောပါတယ်။

သတ္တု တူးဖော်ရေး ကုမ္မဏီရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း လိုက်တယ် ဆိုပေမယ့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ က ကုမ္မဏီရဲ့ လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းခဲ့တာ ဖြစ်ပြီး ဒေသခံ တွေဘက် ကတော့ ဒီလုပ်ငန်း မရပ်မချင်း ကန့်ကွက်မှုတွေ လုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။