ကုလ လက်ထောက် အတွင်းရေးမှူးချုပ် ရခိုင်ကိုလာ

  • 6 စက်တင်ဘာ 2014
Haoliang Xu ဓာတ်ပုံ မူပိုင် UN photo
Image caption ကုလ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဟောင်လျန်ရှု

ကုလ သမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေး မှူးချုပ် ဟောင်လျန်ရှု ရဲ့ ဒီခရီးစဉ်ဟာ ရခိုင်ပြည်နယ်ကို အဓိကထားသွားတာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

(၆)ရက်ကြာ ခရီးစဉ် မှာ ရခိုင်မှာ (၃)ရက်လောက် ကြာမှာ ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်း၊ ပြည်နယ် အစိုးရတာ ဝန်ရှိသူတွေ နဲ့ တွေ့ဖို့ ရှိသလို စစ်တွေ နဲ့ ပေါက်တာမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာမှာပါ။

အဲဒီမှာ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူညီတွေ နဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေကို လေ့လာပြီး ဦးစားပေး လုပ်ဖို့ ရှိတဲ့ ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံး (UNOCHA) ရဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တုန့်ပြန်ဖြေရှင်းရေးဌာန ညွှန်ကြားရေးမှူး ဂျွန်ဂင်လည်း လိုက်ပါမှာ ဖြစ်တဲ့ ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်လို့ ဒေသခံ အဖွဲ့တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ရှိတယ်လို့ UNOCHA ရုံးရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ Mr Pierre Peron က ပြောပါတယ်။ ရခိုင်ပြည်နယ်က လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေက ဘက်လိုက်မှု ရှိတယ်ဆိုပြီးတော့ ရပ်ရွာ လူထု အဖွဲ့အစည်းတွေ ဘက်က ထင်မြင်ယူဆမှုတွေတော့ ရှိနေပါတယ်။ နိုင်ငံတကာအဖွဲ့တွေ၊ ယူအန်အဖွဲ့အစည်းတွေ အနေနဲ့ လူသားချင်းစာနာမှု အကူညီတွေ ကို ဘယ်လို ထောက်ပံ့ပေးနေသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေသခံ ရပ်ရွာ လူထုနဲ့ တွေ့ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးမှာပါ။ ဒီအကူအညီတွေကို ဘယ်မှာပေးနေသလဲ ဘာကြောင့် ပေးနေသလဲ ဆိုတာတွေကိုပါ ရှင်းပြမယ်လို့လည်း UNOCHA ရုံးရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ Mr Pierre Peron က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ရက်တုန်းကလည်း ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် နဲ့ တွေ့ပြီး ရခိုင်ပြည်နယ်တွင်း မွတ်စလင်ဒုက္ခသည်တွေရဲ့ အရေးကို ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး သဘောတူခဲ့ပါတယ်။ ဒီတော့ ခုခရီးစဉ်မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟာ ရခိုင်ဒေသကို သူကိုယ်တိုင် လေ့လာကြည့်ရှုပြီး အထွေထွေအတွင်းရေးမှူးချုပ်ထံ ပြန်လည် တင်ပြမယ်လို့ ယူဆလို့ ရပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လက်ထောက်အတွင်းရေးမှူးချုပ် ဟောင်လျန် ရှု ဟာ နေပြည်တော်ကို သွားရောက်ပြီး ဒုတိယသမ္မတ စိုင်းမောက်ခမ်း ၊ အစိုးရအရာရှိတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဖို့ ရှိပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေ၊ ဖွံဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။