အယ်လ်ကိုင်ဒါ အကြမ်းဖက်မှုရန် ကာကွယ်ဖို့ မြန်မာ ဆောင်ရွက်

  • 6 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဂျီဟာ့ဒ်တိုက်ပွဲ ဆင်နွဲမယ်လို့ အယ်လ်ကိုင်ဒါ ခေါင်းဆောင် ဇဝါဟီးရီ ကြေညာ

မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါ အစ္စလာမစ် အစွန်းရောက် အဖွဲ့ရဲ့ အကြမ်းဖက်မှု အန္တရာယ် တွေကနေ ကာကွယ်ဖို့အတွက် မြန်မာ ရဲတပ်ဖွဲ့က လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက် အဆင့် တဆင့် တိုးမြှင့် ချထားလိုက်တယ်လို့ သိရပါတယ်။

မြန်မာ ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေအပေါ် ဂျီဟာ့ဒ် တိုက်ပွဲ ဆင်နွဲမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အယ်လ်ကိုင်ဒါ အဖွဲ့က ထုတ်ဖော် ကြေညာခဲ့အပြီးမှာ အခုလို လုပ်ဆောင်လိုက်တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနရဲ့ အကြီးအကဲ ရဲမှူးချုပ် ဦးစိုးမြိုင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဆီယံ ထိပ်သီး ညီလာခံတွေ၊ ၂၇ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်တွေ ကျင်းပခဲ့စဉ်တုန်းကလည်း အကြမ်းဖက်မှု အန္တရာယ်တွေကနေ ကာကွယ်ဖို့ အာဆီယံ ရဲတပ်ဖွဲ့၊ နိုင်ငံတကာ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ အခုအခါမှာလည်း ရနိုင်သမျှ ပြည်တွင်း ပြည်ပ အကူအညီနဲ့ ပြည်ပအားကို ပေါင်းပြီး ဆောင်ရွက် သွားမယ်လို့ ရဲမှူးချုပ် ဦးစိုးမြိုင်က ပြောပါတယ်။

အကြမ်းဖက် လုပ်ရပ်ဟာ တကမ္ဘာလုံးရဲ့ ဘုံရန်သူ ဖြစ်ပြီး အကြမ်းဖက်မှုကို မလိုလားတဲ့ နိုင်ငံတွေ အားလုံး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ပြည်ပကနေ ဝင်လာမယ့် အကြမ်းဖက် အန္တရာယ်ကို နှိမ်နင်းဖို့ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ် ထွက်ပေါက်ဂိတ်တွေ အားလုံးမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားမှာ ဖြစ်သလို ပြည်တွင်းက သူတွေကို အကြမ်းဖက်ဝါဒ စည်းရုံးတာမျိုး လှုံ့ဆော်တာမျိုးတွေနဲ့ ပတ်သက်လို့လည်း ပြီးခဲ့တဲ့ ဇွန်လက ပြဋ္ဌာန်းခဲ့တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အရေးယူနိုင်ဖို့အတွက်ကိုလည်း ဒေသအတွင်း အပြင်က မိတ်ဆွေနိုင်ငံတွေနဲ့ သတင်း အချက်အလက် ဖလှယ်မှုတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနရဲ့ အကြီးအကဲ ရဲမှူးချုပ် ဦးစိုးမြိုင်က ပြောပါတယ်။