ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲမှာ ဘာစနစ် သုံးမလဲ

  • 8 စက်တင်ဘာ 2014
Members of Parliament ဓာတ်ပုံ မူပိုင် AFP
Image caption အန်အယ်လ်ဒီ ပါတီက ပီအာ စနစ်ကို လက်မခံ

ပြည်သူ့ လွှတ်တော် အမတ်ကို ဘယ်စနစ်နဲ့ ရွေးမယ်ဆိုတာ လေ့လာ နေတဲ့ ကော်မရှင်က ပြည်နယ်တွေမှာ နဂိုအတိုင်း ထားပြီး တိုင်း ဒေသကြီးတွေမှာ အရော စနစ် သုံးဖို့ စဉ်းစား ဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်တွေမှာ လူမျိုးစုငယ်တွေ ရှိနေတဲ့ အတွက် လက်ရှိ ရွေးကောက်ပွဲ စနစ် အတိုင်း မဲ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရ သူကို လွှတ်တော် အမတ် အဖြစ် အသိ အမှတ်ပြုတဲ့ စနစ်ကိုပဲ ဆက်လက် ကျင့်သုံးပြီး တိုင်းဒေသကြီးတွေ မှာတော့ မဲဆန္ဒနယ်မြေ အလိုက် ပီအာ စနစ်ကိုပါ ရောနှော ကျင့်သုံးဖို့ တင်ပြ ဆွေးနွေး ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ဘီဘီစီကို ပြောပါတယ်။

တိုင်းဒေသကြီး ၇ တိုင်းမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အတိုင်း ပြည်သူတွေက မဲပေးကြပြီး ၅၀ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရသူက အမတ်ဖြစ်လာမယ်၊ ၅၀ ရာခိုင်နှုန်းကျော်နဲ့ နိုင်သူ မရှိတဲ့ မြို့နယ်တွေ မှာတော့ ပါတီ အသီးသီးက ရတဲ့ မဲတွေကို ပေါင်းပြီး ရရှိတဲ့ မဲ အလိုက် အချိုးကျ ခွဲပြီး နေရာတွေ ခွဲယူကြရမယ်လို့ သူက ပြောပါတယ်။

ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့လည်း ညီညွတ်တယ်လို့ ကော်မရှင် ဥက္ကဌက ပြောကြောင်း ဦးရဲထွန်းက ပြောပါတယ်။

အမျိုးသား လွှတ်တော် အမတ် ရွေးရာမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြု စနစ် သုံးမယ်လို့ လွှတ်တော်က ဆုံးဖြတ်ထားပြီး ဖြစ်လို့ ဘယ်လို ပီအာ စနစ် သုံးမလဲ ဆိုတာ အကြာခင် ရက်ပိုင်းမှာ ကော်မတီက ဆုံးဖြတ်ချက် ချဖို့ရှိ ပါတယ်။

ပြည်သူ့လွှတ်တော် မှာတော့ မြန်မာ နိုင်ငံနဲ့ လိုက်လျော ညီထွေ ရှိမယ့် ရွေးကောက်ပွဲ စနစ် ဖော်ဆောင် နိုင်ရေး အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ စနစ် လေ့လာရေး ကော်မီတီ အစည်းအဝေးကို စက်တင်ဘာလ ၈ ရက် တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။

တိုင်းနဲ့ ပြည်နယ် လွှတ်တော် အမတ်တွေ ရွေးကောက်ဖို့ကိုတော့ အပြောင်းအလဲ လုပ်ဖို့ တင်ပြမှု မရှိသေး တဲ့အတွက် လွှတ်တော် ၃ ရပ်မှာ ရွေးကောက်ပွဲ စနစ် ၃ မျိုး လုပ်မယ့် သဘော ဖြစ်နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ