PNLOနဲ့ SSA ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးမယ်

  • 10 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် pnlo
Image caption ကဒူးကြီး ဒေသဟာ ပအိုဝ်း တော်လှန်ရေး ခေတ် အဆက်ဆက်ကတည်းက အခြေချခဲ့တဲ့ နေရာလို့ PNLO ပြော

PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတို့ အကြား နယ်မြေ အငြင်းပွားမှုကနေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ကိစ္စ တွေအကြောင်း နှစ်ဘက် ခေါင်းဆောင်တွေ လာမယ့် စက်တင်ဘာလ ၁၁ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။

ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသနဲ့ ပတ်သက်လို့ နယ်မြေ အငြင်းပွားမှု ဖြစ်ပြီး စက်တင်ဘာလ ၃ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ နှစ်ဘက် ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီဒေသကို RCSS/SSA က သူတို့ ထိန်းချုပ် နယ်မြေလို့ ပြောနေသလို PNLO ဘက်ကလည်း ဒီဒေသဟာ ပအိုဝ်း တော်လှန်ရေး ခေတ် အဆက်ဆက် ကတည်းက အခြေချခဲ့တဲ့ နေရာ ဖြစ်ပြီး ၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ ပြည်နယ် အဆင့် ဆွေးနွေးပွဲမှာ ဒီဒေသကို PNLOရဲ့ အခြေပြု နယ်မြေအဖြစ် သတ်မှတ်ပေး ထားကြောင်း ပြောနေပါတယ်။

အခုလို တိုက်ပွဲတွေ ဆက်မဖြစ်အောင် နှစ်ဘက် ခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ကြောင်း၊ PNLO နဲ့ RCSS/SSA အဖွဲ့ ခေါင်းဆောင်တွေအကြားမှာတော့ အရင်က အတူတကွ ဆွေးနွေး ပြောဆိုမှုတွေလည်း ရှိခဲ့ဖူးတာမို့ နှစ်ဦး နှစ်ဘက် ဆုံကြတဲ့အခါ ဒီကိစ္စတွေကို ဆွေးနွေး ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။