ပျောက်ဆုံးနေတဲ့ မြန်မာ တောင်တက်သမားတွေကို ကယ်ဖို့ ပြင်ဆင်

  • 11 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ တောင်တက်သမားတွေချည်း ခါကာဘိုရာဇီ တောင်ထိပ်ကို တက်ဖို့ ပထမဆုံး အကြိမ် ကြိုးစားတာ ဖြစ်

ခါကာဘိုရာဇီ တောင်ထိပ် တက်ရင်း ပျောက်ဆုံးနေတဲ့ မြန်မာ တောင်တက် သမား နှစ်ဦးကို ထူး ဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့က ရဟတ်ယာဉ်တွေနဲ့ ဝေဟင်ကနေ ကူညီ ရှာဖွေမှုတွေ စလုပ်ဖို့ စီစဉ်နေပါတယ်။

တောင်တက်သမား ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံ မင်းသူ တို့ ၂ ဦးဟာ ကျန်တဲ့ အဖွဲ့သားတွေနဲ့ ပြီးခဲ့တဲ့ တပတ်လောက်က အဆက်အသွယ် ပြတ်သွားပြီး ခုချိန်ထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးနဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေ အကြား သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ လောက် အထိ i-com လို့ ခေါ်တဲ့ ကြိုးမဲ့ ဖုန်းတွေကနေ နောက်ဆုံး ဆက်သွယ်မှု ရှိနေရာက သူတို့ နှစ်ဦးရဲ့ ဖုန်းတွေ ဘက်ထရီ အားကုန်နေပြီ ဆိုတာ ကျန်အဖွဲ့သား တွေ သိခဲ့ရကြောင်း၊ အဲဒီ့နောက် စီစဉ် သတ်မှတ်ထားတဲ့ ရက်မှာ ပြန်ဆင်း မလာ တော့တဲ့အတွက် ကျန်အဖွဲ့သားတွေက တက်ရောက် ရှာဖွေမှုတွေ လုပ်ခဲ့ကြောင်း ဒီ တောင်တက် ခရီးကို စီစဉ် သွားရောက်ခဲ့တဲ့ တက္ကသိုလ် ခြေလျင်နဲ့ တောင်တက် အသင်း၊ သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထွန်းလှအောင်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းကို ကြားတဲ့ ထူးဖောင်ဒေးရှင်း က ဝေဟင် ကနေ ရှာဖွေမှုတွေ ပြုလုပ်နိုင်ဖို့ ရဟတ်ယာဉ်တွေ ပံ့ပိုး ပေးလာတာ ဖြစ်တယ်လို့ ကိုထွန်းလှအောင်က ပြောပါတယ်။ ထူး ဖောင်ဒေးရှင်းရဲ့ ပိုင်ရှင် ဦးတေဇ အပါအဝင် အဖွဲ့ ၅ ဦးကို ကချင်ပြည်နယ် ရေခဲတောင်ဒေသ အတွင်းမှာ ရဟတ်ယာဉ် ပျက်ကျပြီး ပြန်လည် ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အတွေ့အကြုံ အပေါ် မူတည်ပြီး အခု လူ ၂ ဦး ပျောက်ဆုံး နေတာကို ဝင်ကူညီတာလို့ သိရပါတယ်။

ဒါပေမယ့် အခင်းဖြစ်ရာ နေရာချင်းလည်း မတူသလို မြန်မာနိုင်ငံမှာ တောင်တက် လုပ်ရပ်ဟာ စံနစ်တကျနဲ့ ဖွံ့ဖြိုးပြီး ဘာသာရပ် မဟုတ်တဲ့ အတွက် အခုလို အရေးပေါ် အခြေအနေမျိုး ကြုံတွေ့ရတဲ့ အခါ ကယ်ဆယ်ရေး အစီအမံနဲ့ နည်းပညာပိုင်းမှာ စာတွေ့အားဖြင့်သာ ဆောင်ရွက်ရတဲ့ ပုံစံ ဖြစ်နေတယ်လို့ ကိုထွန်းလှအောင်က ပြောပါတယ်။

နိုင်ငံတကာ အကူအညီ ခေါ်ယူ မယူ ဆိုတာကိုတော့ အသင်းတာဝန် ရှိသူတွေ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပြီး အသေးစိတ် အစီအစဉ်တွေ ထွက်ပေါ်လာ လိမ့်မယ်လို့ ပြောပါတယ်။

အခု တောင်တက် ခရီးစဉ်ဟာ သဘာဝခေါ်သံ ဖောင်ဒေးရှင်းကနေ ကမကထ လုပ်ပြီး နိုင်ငံခြားသားတွေ မပါဝင်ပဲ မြန်မာ တောင်တက် သမားတွေချည်း သက်သက် ခါကာဘိုရာဇီ တောင်ထိပ်ကို တက်ရောက်ဖို့ ပထမဆုံး အကြိမ် ကြိုးစားကြတာ ဖြစ်ပြီး တောင်ထိပ်အစွန်းကို ရောက်ဖို့ နောက်ဆုံး ကျန်ရစ်တဲ့ အပိုင်းမှာ ကျဉ်းမြောင်းတဲ့ လမ်းကြောင်း အနေအထားကြောင့် အခု ပျောက်ဆုံးနေသူ ၂ ဦးတည်း တက်သွားခဲ့တာ ဖြစ်ပါတယ်။