ရခိုင်မှာ ဖွံ့ဖြိုးရေးနဲ့ စာနာမှု အကူအညီတွေ လိုနေ

  • 11 စက်တင်ဘာ 2014
Rakhine Refugees ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်က ပဋိပက္ခတွေကြောင့် အသိုင်း အဝိုင်း နှစ်ဘက်စလုံး ဒုက္ခသည်တွေ ဖြစ်ကြရ

ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတွေ ရခိုင်ပြည်နယ်ကို ၂ရက်ခရီး လှည့်အပြီးမှာ လူသားချင်း စာနာ ကူညီမှုနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ တိုးမြှင့် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်းက လူတွေ အားလုံးအတွက် ဖွံ့ဖြိုးရေး ဆိုင်ရာ စိန်ခေါ်မှုနဲ့ လိုအပ်ချက်တွေ အများကြီး ရှိတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့တဲ့ UNDP နဲ့ UNOCHA က ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။

လူသားချင်းစာနာ ကူညီမှု အပိုင်းမှာ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ လူမျိုးစု ပဋိပက္ခတွေ နောက်ပိုင်း အခုချိန် အထိ ယာယီ စခန်းတွေမှာ ခိုလှုံနေရတဲ့လူ တစ်သိန်းလေးသောင်း ရှိနေတယ်လို့ UNOCHA ရဲ့ ပြည်သူ့ ဆက်ဆံရေး အရာရှိ Pierre Peron ပီယဲ ပါရွန်က ပြောပါတယ်။

အဲဒီ ဒုက္ခသည်တွေဟာ ဆိုင်ကလုန်း မုန်တိုင်းလို သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံရနိုင်တဲ့ နေရာမျိုးမှာ နေထိုင် နေရတာ ဖြစ်ပြီး သူတို့ အတွက် လူသားချင်း စာနာကူညီမှုနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကုလသမဂ္ဂနဲ့ အတူ အစိုးရရော အန်ဂျီအိုတွေပါ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ Pierre Peron က ပြောပါတယ်။

ပြည်နယ် အတွင်း လိုအပ်တာတွေ အများကြီး ရှိပေမဲ့ မူလ နေရာတွေကို စွန့်ခွာ နေကြရသူတွေ အတွက် လူသားချင်း စာနာကူညီမှုတွေ ပေးဖို့၊ နိုင်ငံသား အသိမှတ်ပြု မခံရဘဲ နိုင်ငံမဲ့ ဖြစ်နေသူတွေ အရေးကို ဖြေရှင်းဖို့ကို အရေးတကြီး လုပ်ဖို့ လိုအပ်နေတဲ့ အပြင် ရေနဲ့သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ဘဝ ရပ်တည်ရေး လိုအပ်ချက်တွေလည်း အများကြီးရှိနေ တယ်လို့ သူက ပြောပါတယ်။

သူတို့ လွတ်လွတ် လပ်လပ် သွားလာလို့မရ ဖြစ်နေတာ စားဝတ်နေရေး အတွက် ဘာမှလုပ်လို့မရတာတွေက အဓိကပြဿနာဖြစ်ပြီး အဲဒါတွေကို ကိုင်တွယ် ဖြေရှင်းဖို့ လိုနေတယ်လို့ Pierre Peron က ပြောပါတယ်။

အရေးပေါ်အခြေအနေ စဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တည်းက ရခိုင်ပြည်နယ်မှာ အကူညီလိုအပ်နေသူတွေနဲ့ ပတ်သက်လို့ အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက် နေပါတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ